ကချင်ပြည်နယ်၊ နန်းမားမြို့နယ်၊ ဘုရားကြီးကွင်းကျေးရွာမှာ မတ် ၂၇ ရက်မနက်ပိုင်းက လက်နှက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန်းမားမြို့နယ်မှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်က မနက်အစောပိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နန့်ရင်းချောင်းအနီးက ဘုရားကြီးကွင်းကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက “မနက် ၃ နာရီလောက်ကတည်းက စပစ်နေတာ။ အမြောက်တပ်က တိုက်ပွဲဖြစ်တာလည်း မရှိဘဲ ပစ်နေတာ။ ဘုရားကြီးကွင်းကျေးရွာက ကလေးမ ပေါင်ကို လက်နက်ကြီး ကျည်မှန်ထားတယ်။ စိုးရိမ်ရတဲ့အနေအထားရှိတယ်” လို့ ပြောပါတယ်။
လက်နှက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၂၀ အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တလုံးနဲ့ ဆိုင်ကယ်တစီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ မနက်ပိုင်းကလည်း နန်းမားမြို့နယ်မှာ စစ်ကောင်စီနဲ့ ကေအိုင်အေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နန်းမားအခြေစိုက် အမြောက်တပ်က လက်နက်ကြီးနဲ့ အချက်ရေပေါင်းများစွာ ပစ်ခတ်ခဲ့တာကြောင့် နန်းမားမြို့ပေါ်က စျေးဆိုင်အချို့ ပိတ်သိမ်းခဲ့ရပါတယ်။