ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အာယုပါလသွေးလှူရှင်အသင်းက ပရဟိတလူငယ် ၆ ယောက်ကို စစ်ကောင်စီတပ်က မတ်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။
ပရဟိတ လူငယ် ၆ ယောက်ဟာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတစ်ဝိုက်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို သွားရောက်လှူဒါန်းခဲ့ပြီး အပြန်လမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ် (PNO) တို့က ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ် ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ အာယုပါလသွေးလှူရှင် အသင်းခေါင်းဆောင် ကိုမင်းမင်းထွန်း၊ ကိုဇွဲ၊ မလင်းလက်ခိုင်၊ မထက်ထက်နဲ့ တခြား လူငယ် ၂ ဦးတို့ ဖြစ်ပါတယ်။
ပရဟိတလူငယ် ၆ ဦးကို ဘာကြောင့် ဖမ်းဆီးထားတယ်၊ ဘယ်မှာထိန်းသိမ်းထားတယ်၊ ဘာအမှုနဲ့ တရားစွဲထားတယ်ဆိုတာကိုတော့ မသိရှိရသေးဘဲ မိသားစုဝင်တွေက တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။