Home
မြန်မာသတင်း
တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် ပြည်သူ့ပါတီတိုက်တွန်း
DVB
·
March 26, 2022
277307580_1918666121672406_1332739956999015424_n
276301602_1918665978339087_1035993402768871814_n
276062431_1918665911672427_1237225019852630582_n
275964687_1918666195005732_7399854181767222987_n

လက်ရှိတိုင်းပြည်မှာကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ရေး အသွင်ကူးပြောင်းရေး ကြားကာလ သဘောတူညီချက်တခုရဖို့ တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ဆွေးနွေးအဖြေရှာကြဖို့အတွက် ဦးကိုကိုကြီးခေါင်းဆောင်တဲ့ ပြည်သူ့ပါတီက တိုက်တွန်း တောင်းဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် မတ် ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ လုပ်ခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးကနေ ထုတ်ပြန်တောင်းဆိုတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာ အလွန်ခက်ခဲကျပ်တည်းတဲ့ လမ်းဆုံလမ်းခွမှာ ရောက်နေပြီး နှစ်ဖက်ပဋိပက္ခကြောင့် အရပ်သားထိခိုက်ဒဏ်ရာရတာ၊ သေကျေပျက်စီးတာနဲ့ နိုင်ငံရေး အရ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ အများကြီးရှိသလို အိုးအိမ်ရပ်ရွာ ပျက်စီးဆုံးရှုံးတာတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူတွေလည်း တိုးလာနေတယ်လို့ ဆိုပါတယ်။

ပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူထိန်းသိမ်းပြီးနောက်ပိုင်းလို့ သုံးနှုန်းထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်လည်း ကျန်းမာရေး လူမှုရေး စီးပွားရေးအခက်အခဲပေါင်းစုံ ကြုံတွေ့နေရချိန်ဖြစ်ပြီး အလုပ်လက်မဲ့ပြဿနာတွေနဲအတူ ရာဇဝတ်မှုတွေ၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တာကိုပါ ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ ကလေးသူငယ်တွေရဲ့ ပညာရေး၊ ပြည်သူလူထုရဲ့ ကျန်းမာရေးဝန်ဆောင်မှု စတဲ့ အခြေခံလူ့အခွင့်အရေးစံနှုန်းတွေတောင် မခံစားနိုင်တဲ့ အခြေအနေဖြစ်ပြီး ပြည်ပဖိအားပေးတာ၊ အရေးယူပိတ်ဆို့တာတွေနဲ့အတူ နိုင်ငံတကာဆက်ဆံရေးပုံရိပ်ဟာလည်း ထိခိုက်နစ်နာ နေတယ်လို့ ပြည်သူ့ပါတီက ဆိုပါတယ်။

လက်ရှိပဋိပက္ခကို မှန်မှန်ကန်ကန်ထိထိရောက် မဖြေရှင်းနိုင်ရင် အင်မတန်စိုးရိမ်ရတဲ့ အခြေအနေကို ဦးတည်နေတယ်လို့ ပါတီက သုံးသပ်တာကြောင့်  စစ်တပ်အနေနဲ့ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးပြန်လွှတ်ဖို့၊ အရပ်သားသေဆုံးထိခိုက်တာ၊ အိုးအိမ်ရပ်ရွာပျက်စီးတာတွေကို ဘက်အသီးသီးက ရှောင်ရှားကြဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီတွေကို လိုအပ်နေသူတွေဆီ အမြန်ဆုံးရောက်ရှိနိုင်ရေး  ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း သူတို့က တိုက်တွန်းထားပါတယ်။

ပြည်သူ့ပါတီအနေနဲ့ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ လူ့အခွင့်အရေး ယုံကြည်ချက်တွေအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းဖို့လည်း အစဉ်တစိုက် ကြိုးပမ်းရုန်းကန်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူ့ပါတီက တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းနေပေမဲ့ စစ်ခေါင်းဆောင်ကတော့   အာဏာသိမ်းပြီး နောက်ပိုင်းပေါ်လာတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောကြားထားပြီး  စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေကလည်း စစ်ကောင်စီနဲ့ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ပြောထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024