မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း၊ ၃၈ လမ်းနဲ့ ၃၉ လမ်းဝန်းကျင်မှာ အဖွဲ့စုံပိတ်ဆို့ စစ်ဆေးရေးလုပ်နေတဲ့ ယာဉ်ထိန်းရဲတယောက် မတ်လ ၂၆ ရက် မနက် ၁၁ နာရီခွဲလောက်က သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။
၇၈ လမ်းအတိုင်း တောင်ဘက်ကနေ မြောက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ် ၂ စီး၊ လူ ၄ ယောက်ကို တားဆီးနေချိန်မှာ ပစ်သွားတာဖြစ်ပြီး ယာဉ်ထိန်းရဲ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
“သေနတ်ပစ်သံ သုံးချက်လောက်တော့ကြားတယ်။ စစ်ဆေးတဲ့အဖွဲ့ကလည်း ပြန်ပစ်တယ်လို့ ပြောတယ်။ ပစ်တဲ့ လူတွေကိုတော့ မဖမ်းမိဘူး။” လို့ အနီးနားနေ ပြည်သူတယောက်က ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရသူ ယာဉ်ထိန်း ဟာ ယာဉ်ထိန်းတပ်ဖွဲ့စု(၉၀) က တပ်သား ထက်ဝေအောင် ဖြစ်ပြီး ညာပေါင်ရင်း ကျည်ဆန်ထိမှန် ဒဏ်ရာရသွားခဲ့ တယ်လို့ သိရပါတယ်။