Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေသည့် လူပုဂ္ဂိုလ်၂ ဦးနှင့် ကုမ္ပဏီ ၃ ခုတို့ ပိတ်ဆို့ဒဏ်ခတ် အရေးယူခံရ
DVB
·
March 25, 2022
abcd133
250257110_968612980665642_6759703934425078017_n

မြန်မာအကြမ်းဖက်စစ်တပ်ကို လက်နက်ထောက်ပံ့ပေးနေတဲ့ လက်နက်ရောင်း၀ယ်ဖောက်ကားသူတွေနဲ့  ကုမ္ပဏီတွေကို ယူကေအစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်လိုက်တယ်လို့  ယူကေသံရုံးက မတ်လ ၂၅ ရက် ဒီကနေ့ည ထုတ်ပြန်ပါတယ်။

မြန်မာစစ်အာဏာရှင်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေထောက်ပံ့ပေးနေတဲ့ အဓိကကျတဲ့ လူပုဂ္ဂိုလ် နှစ်ယောက်နဲ့  ကုမ္ပဏီ သုံးခုတို့ကို   ယူကေအစိုးရက အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့နဲ့အတူ  ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပြီး ပိတ်ဆို့ အရေးယူလိုက်တာလို့ဆိုပါတယ်။

ပိတ်ဆို့အရေးယူခံရသူတွေကတော့ လက်နက်ရောင်းဝယ်ဖောက်ကားရာမှာ ပါဝင်ဆောင်ရွက်သူတွေဖြစ်တဲ့ ဒေါက်တာအောင်မိုးမြင့်နဲ့ အောင်လှိုင်ဦးတို့ကို  ယူကေနိုင်ငံသို့  ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်လိုက်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း  ကန့်သတ်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  Dynasty International Company Ltd ၊ Myanmar Chemical and Machinery Company Ltd နဲ့ Miya Win International Ltd. တို့ကိုလည်း ဒဏ်ခတ် အရေးယူသွားမယ်လို့ ဆိုပါတယ်။

အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး Amanda Milling အမန်ဒါမေးလင်းက “ကျမတို့ ယူကေအစိုးရအနေနဲ့ စိတ်တူသဘောတူနိုင်ငံတွေနဲ့ လက်တွဲပြီး လွတ်လပ်ခွင့် ၊ ဒီမိုကရေစီ နဲ့  တရားဥပဒေ စိုးမိုးမှုရှိရေးတို့ကို ကာကွယ်သွားမှာဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်ပြီး ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်ကို အရေးယူနိုင်ရေးအတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၁၀၀ ကျော်ကို သတ်ဖြတ်ခံခဲ့ရတာနဲ့အတူ ပြီးခဲ့တဲ့နှစ်  အာဏာသိမ်းပြီးနောက်ပိုင်း သွေးထွက်သံယို အဆိုးရွားဆုံးနေ့ဖြစ်တဲ့  မြန်မာ့တပ်မတော်နေ့ မတိုင်မီ  ပိတ်ဆို့အရေးယူမှုအသစ်တွေကို အခုလို  ထုတ်ပြန်ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း လေတပ်ဦးစီးချုပ်  ဗိုလ်ချုပ်ထွန်းအောင်ကို ယူကေအစိုးရက  ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။

ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတို့အပါအ၀င် မြန်မာစစ်အာဏာရှင်ထံသို့ စစ်လက်နက်တွေ ပံ့ပိုးပေးနေတဲ့ နိုင်ငံတွေကို  ယူကေအစိုးရက အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

မြန်မာစစ်တပ်အတွက် လက်နက်တွေနဲ့ စစ်ဘက်သုံးပစ္စည်းတွေ ဝယ်ယူ ပံ့ပိုးရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ လေတပ်ဦးစီးချုပ်တို့ကို မြန်မာနိုင်ငံဆိုင်ရာ အထူးစီးပွားရေး စည်းမျဉ်းများအရ ပစ်မှတ်ထား အရေးယူကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လာနီ ဂျိုလီကလည်း မတ်လ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်နက်ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့  ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက  အစဉ်တစိုက်တောင်းဆို နေကြတာလည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024