ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၆ ရပ်ကွက် (ပြည်ထောင်စု) အနီးက တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၁ တပ်ခြံစည်းရိုးအနီးမှာ မတ် ၂၄ ရက် ညနေ ၅ နာရီလောက်က ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။
ဗုံးပေါက်ကွဲရာအနီး နေထိုင်သူတဦးက "ဗုံးက အိမ်နဲ့နီးတော့ အသံအကျယ်ကြီး ကြားရတယ်။ တပ်ခြံစည်းရုံးအနားမှာ ကွဲတာ။ ရပ်ကွက်နဲ့ စစ်တပ်ကို လမ်းကခြားထားတော့ ထိခိုက်သူတော့ မရှိဘူး" လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ ပြည်ထောင်စုရပ်ကွက်အတွင်းမှာ ဌာနဆိုင်ရာရုံးတွေ၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်တွေ စတဲ့ တပ်ပေါင်းစုံ အခြေစိုက်ထားပြီး မိသားစုဝင်တွေ အများဆုံး နေထိုင်ကြပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေ ရောက်ရှိလာပြီး အနီးအနား နေထိုင်သူတွေကို စုံစမ်းစစ်ဆေးတာတွေ၊ ရပ်ကွက်အတွင်း သွားလာသူတွေကို စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မတ် ၁၈ ရက်က ဘားအံမြို့အဝင် သံလွင်တံတား အဖွဲ့စုံ စစ်ဆေးရေးဂိတ်အနီးမှာ မတ် ၁၈ ရက် ည ၁၂ နာရီကျော်လောက်က ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် AK ကုမ္ပဏီရဲ့ လမ်းတံတားကြေး ကောက်ခံတဲ့ အဆောက်အအုံအဟောင်း တံခါးမှန်တွေ ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်နယ်ရုံးစိုက်ရာ ဘားအံမြို့မှာ လုံခြုံရေး တင်းကျပ်ထားသလို နေ့စဉ် လူစည်ကားရာနေရာနဲ့ လမ်းဆုံလမ်းဂွတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ကြားက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာပါ။