စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာရှိတဲ့ လျှပ်စစ်ရုံးမှာ မတ်လ ၂၄ ရက် ဒီကနေ့မနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဝန်ထမ်း ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ဒီမနက် ၉ နာရီလောက်မှာ ရွှေဘိုမြို့အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ လျှပ်စစ်ရုံးထဲ ဗုံးပေါက်ကွဲ သွားတယ်၊ ဝန်ထမ်းတယောက် ထိခိုက်ဒဏ်ရာရတယ်။ လျှပ်စစ်ရုံး အဆောက်အဦ ထိခိုက်ပျက်စီးသွားတယ်”လို့ ရွှေဘိုမြို့ခံက ပြောပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး မကြာခင်မှာ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်လာပြီး အနီးအနား ပတ်ဝန်းကျင်မှာ လုံခြုံရေး တင်းကျပ် စစ်ဆေးနေပါတယ်။
အဆိုပါ ရွှေဘိုလျှပ်စစ်ရုံး ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။