မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်မှာ မတ် ၂၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အနောက်ပိုင်းတိုင်း မြေအောက်စစ်ဆင်ရေး မဟာမိတ်အထူးတပ်ဖွဲ့က ပြောပါတယ်။
ငဖဲမြို့နယ် အမ်းနယ်ခြားလမ်းမှာ မနေ့ ည ၇ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းကို အနောက်ပိုင်းတိုင်း မြေအောက်စစ်ဆင်ရေး အထူးတပ်ဖွဲ့က ပဒေသမိုင်း ၉ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အနောက်ပိုင်းတိုင်း မဟာမိတ်အထူးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီစစ်ကြောင်းကို တိုက်ခိုက်ဖို့အတွက် ကျနော်တို့ဘက်က ရဲဘော်တွေ မတ် ၂၀ ရက်နေ့ကတည်းက ကြိုတင်ပြင်ဆင်ပြီး တိုက်ခိုက်ခဲ့တာဗျ။ စစ်ကောင်စီတပ်တွေဘက်ကတော့ မိုင်းထိပြီး ဖရိုဖရဲဖြစ်ကာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး ကျန်ခဲ့တယ်။”
ဒါ့အပြင် ငဖဲမြို့နယ် ပဒါန်းရဲစခန်းက ကင်းလှည့်နေတဲ့ ရဲတွေကိုလည်း မတ် ၂၃ ရက် ည ၉ နာရီလောက်မှာ အနောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က လက်ပစ်ဗုံး အကြီး ၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိနိုင်တယ်လို့ ပြောပါတယ်။
“နှစ်ဘက်တိုက်ပွဲအတွင်းမှာ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ မိဘပြည်သူတွေ ပို့သတဲ့ မေတ္တာကြောင့် အထိအခိုက် အကျအဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။