ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ သက်တမ်းရင့် ညောင်ပင်တွေကို လိုက်ခုတ်ကာ အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် ယတြာချေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဖျာပုံမြို့ပေါ် ရပ်ကွက်မှာရှိတဲ့ ညောင်ပင်တွေထဲက အနှစ် ၃၀ နဲ့ ၅၀ ကြား သက်တမ်းရှိတဲ့ ညောင်ပင်တွေကို မတ်လဆန်းပိုင်းက စတင်ပြီး နေ့စားငှား လိုက်ခုတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ခုတ်တာတော့ အပြင်က နေ့စားငှားခုတ်တာ၊ သေချာစုံစမ်းကြည့်တော့ စစ်တပ်က ခုတ်ခိုင်းတာလို့ သိရတာ။ စည်ပင်ကခုတ်တာ မဟုတ်ဘူး၊ စစ်တပ်ကခုတ်ခိုင်းတာ ယတြာချေတာလို့ ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ခေါင်းဆောင်အတွက် ယတြာချေတဲ့ ညောင်ပင်တွေကို ခုတ်တဲ့အခါ စစ်တပ်က နေ့စားသစ်ခုတ်တဲ့သူတွေ ငှားပြီး တနင်္ဂနွေနေ့မှာပဲ ခုတ်ခိုင်းလေ့ရှိတယ်လို့ ဆိုပါတယ်။
ဖျာပုံမြို့မှာ စစ်ခေါင်းဆောင်အတွက် ယတြာချေတဲ့အနေနဲ့ မတ်လဆန်းပိုင်းက စတင်ကာ ညောင်ပင်ခုတ်တာ ၃ ပတ်အတွင်း ၈ ပင်လောက်ရှိနေပြီလို့ သိရပါတယ်။
စစ်ခေါင်းဆောင်ဟာ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ အင်္ဂါနေ့မှာ မွေးတဲ့သူ ဖြစ်တာကြောင့် လဲပြိုမကျစေဖို့ အင်္ဂါနံဖြစ်တဲ့ ညောင်ပင်ကို လိုက်လံခုတ်ထွင်ပြီး ယတြာချေတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဗေဒင်ဆရာတဦးက မှတ်ချက်ပြု ပြောဆိုပါတယ်။