ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မတ် ၂၀ ရက်နေ့က မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းတာနဲ့ ပတ်သက်ပြီး မြို့အခြေအနေကို မှတ်တမ်းတင်ကာ လိုင်းပေါ် ရုပ်သံတင်ခဲ့တဲ့ အမျိုးသားကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မိုးရွာတာ လိုင်းပေါ်တင်ခဲ့တဲ့ အသက် ၃၀ အရွယ် ကိုစိုင်းနေမျိုးသန့်ကို စစ်ကောင်စီ တပ်သားတွေက မတ် ၂၀ ရက် ညပိုင်းမှာ ဖမ်းသွားပြီး နောက်ပိုင်း မတ် ၂၁ ရက်နေ့မှာ အမှုဖွင့်ခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။
“စဖမ်းတဲ့နေ့က အမှုမဖွင့်ဘူး၊ ထုရိုက်ပြီး စခန်းမှာထားတာ၊ နောက်နေ့မှာ အမှုဖွင့်တာ၊ ဘာမှမဆိုင်တဲ့ ပုဒ်မနဲ့ ဖွင့်တာ၊ မြို့မရဲစခန်းမှာပဲ ခုလည်း” လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ မုန်တိုင်းအရှိန်ကြောင့် မိုးရွာတာနဲ့ပတ်သက်ပြီး လိုင်းပေါ်တင်သူတွေ အများအပြားရှိပေမယ့် ကိုစိုင်းနေမျိုးသန့် တဦးတည်းသာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီးနောက်ပိုင်း ၃ ရက်ကြာတဲ့အထိ မိသားစုနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။