ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ အသက် ၁၉ နှစ်အရွယ် လူငယ်တဦးကို စစ်ကောင်စီ တပ်သားတွေက မတ် ၁၅ ရက်နေ့က ဖမ်းဆီးသွားပြီး ၃ ရက်အကြာ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုစောမျိုးဆက်ကို စစ်ကောင်စီတပ်သားတွေက PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲကာ ဖမ်းဆီးသွားပြီး မတ် ၁၇ ရက်နေ့မှာ သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်တဦးက “ဖမ်းလာတဲ့နေကတည်းက ရိုက်နှက်တာ။ မေးတာကနည်းတယ်၊ ရိုက်တာက များတယ်။ အဲ့ကလေး သေသွားတယ်။ တယောက်ပြီးတယောက် ရိုက်လိုက်၊ ဝင်လိုက်၊ ထွက်လိုက် လုပ်နေတာ စစ်တာမဟုတ်ဘူး ရိုက်သတ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက အသက် ၁၉ နှစ်အရွယ် ကိုစောမျိုးဆက်ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေကို ပြန်မပေးဘဲ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
လပွတ္တာမြို့မှာ စစ်ကောင်စီတပ်သားတွေက မတ်လအတွင်း ဒေသခံပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။