Home
ဆောင်းပါး
ပြောင်းဖူးရိုး၊ အုတ်နီခဲကျိုးနဲ့ တူမီးခါးချိုးမှသည် ခေတ်မီပြည်သူ့ကာကွယ်ရေးတပ်တော်ဆီသို့
DVB
·
March 22, 2022
276220229_1038194246774720_5719556753408819140_n

ဘယ်လို မတရားမှုမျိုး၊ ဖိနှိပ်မှုမျိုးကိုမဆို မနှစ်ခြိုက် အားမပေးတာ၊ ခေါင်းငုံ့မခံတတ်တာ မြန်မာနိုင်ငံသား‌တွေရဲ့‌ ကောင်းမြတ်တဲ့ အမျိုးသားရေးလက္ခဏာတရပ် ဖြစ်ပါတယ်။ အဲဒီ လက္ခဏာဟာ တောင်‌ပေါ် မြေပြန့်၊ ကျေးလက် မြို့ပြ အရပ်ရပ်က မြန်မာပြည်သူတွေအားလုံးရဲ့ အသွေးအသားထဲ၊ ရင်ထဲ အသည်းထဲမှာ ပျော်ဝင်စီးဆင်းနေတာ ဖြစ်ပါတယ်။

အခြေခံအားဖြင့် ရိုးသားပြီး သနားကြင်နာစိတ်ရှိတဲ့ မြန်မာပြည်သူတွေဟာ သူတို့မျက်စိရှေ့မှာ မတရားမှု ကျုးလွန်နေတာတွေ့ရင် ရတဲ့နည်းနဲ့ မတရားမှုခံရတဲ့သူတွေဘက်က ရပ်တည် ကာကွယ်ပေးဖို့ ရတဲ့နည်းနဲ့ တုံ့ပြန်လေ့ရှိပါတယ်။

အပြင်မှာ တကယ်မဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာတောင် လူဆိုးတွေက လူကောင်းတွေကို အနိုင်ကျင့် နှိပ်စက်ခန်းလာပြီဆိုရင် အနည်းဆုံး အော်ဟစ်ရှုတ်ချတာကစလို့ ပြောင်းဖူးရိုးနဲ့ပေါက်ပြီး ပိတ်ကားပေါ်က လူဆိုးကို ဆုံးမတတ်တာကို အားလုံးရယ်မောဖွယ်ရာ ကြားဖူးကြမှာပါ။

ဟိုတခေတ်တုန်းက မြန်မာ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ အားနည်းတဲ့ ဆင်းရဲသားပြည်သူ အဖိနှိပ်ခံ လူတန်းစားဘက်က ရပ်တည်လေ့ရှိတဲ့ လူကောင်းဇာတ်ရုပ်ကို သရုပ်ဆောင်ရတဲ့ မင်းသားကြီး ရွှေဘ ဆိုသူနဲ့ လူကြမ်းတွေ လက်သီးထိုးခန်းမှာ ရွှေဘ ထိုးကြိတ်လို့ နိုင်နေရင် လက်ခုပ်လက်ဝါး တီးကြ၊ လက်ခေါက်မှုတ် အားပေးခံရပြီး ပြည်သူ့အချစ်တော် ဖြစ်ခဲ့ပါတယ်။

NLD ရဲ့ ဥပဒေပညာရှင် ဦးကိုနီကို ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မတရားတဲ့ပုဒ်မတွေကို ပြည်သူတွေသိအောင် ဟောကြားခဲ့တာရော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကို လူထုခေါင်းဆောင် ဒေါ်အောင်စုကြည်အတွက် ဖန်တီးပေးခဲ့တာကြောင့် အငြိုးအတေးထားပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းထဲမှာ စစ်အခွင့်ထူးခံ မျိုးညစ်ဘာသာညစ်တွေရဲ့ ငွေပေးခိုင်းစေချက်အရ ဆင်ခြင်တုံတရား ကင်းမဲ့လှတဲ့ လူမိုက် ကြည်လင်က နောက်စေ့ကနေ တေ့ပစ်ပြီး သတ်ဖြတ်တာကို မြင်တွေ့ရတဲ့ အရပ်သား ပြည်သူလူထုဟာ သေနတ်ကိုင်ထားတဲ့ လူသတ်သမားကို အနီးက ရရာအုတ်နီခဲကျိုးနဲ့ ပစ်ပေါက်ပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာဟာ မြန်မာပြည်သားတွေရဲ့ ဘယ်လို မတရားမှုမျိုးကိုမဆို လက်ပိုက်ကြည့်မနေဘူး ဆိုတဲ့ ရဲရင့်ပြောင်မြောက်တဲ့ အဖိနှိပ်မခံ တွန်းလှန်ရဲတဲ့ အမျိုးသားရေးလက္ခဏာပဲ ဖြစ်ပါတယ်။

ဒီကနေ့ တကမ္ဘာလုံးက အံ့ဩလက်ဖျားခါရလောက်အောင် စွန့်လွှတ်စွန့်စားရဲကြတဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကြီးမှာလည်း လူမဆန်စွာ ရမ်းကားကြမ်းကြုတ်ပြီး လူသတ်လက်နက်အပြည့်နဲ့ ဖက်ဆစ်စစ်ဘီလူးမိစ္ဆာတွေကို တုတ်၊ ဓား၊ ဒူး‌လေး၊ တူမီးခါးချိုး စတဲ့ ရရာလက်နက် စွဲကိုင်ပြီး ရင်ဆိုင်တွန်းလှန်နေတဲ့ စိတ်ဓာတ်၊ ရဲစွမ်းသတ္တိနဲ့ အမှန်တရားကို ကာကွယ်ရာမှာ အကြောက်တရား ကင်းမဲ့မှုဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ကမ္ပည်းထိုးလောက်အောင် အဓမ္မကို လက်မခံတတ်တဲ့ ကြီးမြတ်‌သော အမျိုးသားရေးလက္ခဏာကြီးတရပ်ဖြစ်တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုရဲ့ မတရားမှုကို ရရာလက်နက်နဲ့ အဖိနှိပ်မခံဘဲ တွန်းလှန်ရဲတဲ့ အမျိုးသားရေးလက္ခဏာကို သက်သေခံခဲ့ပြီး သမိုင်းဝင်ခဲ့တဲ့ တိုက်ပွဲတစ်ခုကတော့ ၂၀၂၁ ခုနှစ် မေ ၁၄ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ချင်းပြည်နယ် မင်းတပ်မြို့ကို သိမ်းပိုက်ဖျက်ဆီးဖို့ ချီလာတဲ့ စစ်ကား ၇ စီးပါ ယဉ်တန်းကို Chinland Defense Force (CDF) တော်လှန်ရေးခေါင်းဆောင် ထန်းတိတ်မာန် ဦးဆောင်လို့ စကစယာဉ်တန်းကို တူမီးနဲ့ ခါးချိုးတွေ ရဲရဲဝံ့ဝံ့ရင်ဆိုင် တိုက်ပြီး ကျည်ဆန်တွေကုန်တော့လည်း ခဲတွေနဲ့ပေါက် ရတဲ့နည်းနဲ့ ရှေ့တိုးပြီး သိမ်းယူနိုင်ခဲ့တဲ့တိုက်ပွဲ ဖြစ်ပါတယ်။

အဲဒီသမိုင်းဝင်အဖြစ်အပျက်ဟာ ကိုယ်မြို့ ကိုယ့်ရွာကို ကာကွယ်ဖို့ ချင်းတိုင်းရင်းသားတွေဟာ လုံးဝ နောက်ဆုတ်လို့ မဖြစ်ဘူး။ အရှုံးပေးလို့ မဖြစ်ဘူးဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကြောင့်သာ လက်နက်မျိုးစုံ ပစ်ခတ်နေတဲ့ကြာ ကျည်ဆန်တွေ မိုးလိုရွာနေတဲ့ကြားထဲက တူမီးတွေနဲ့ မောင်းပြန်သေနတ်တွေကို အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ရဲစွမ်းသတ္တိကြီးမားပြီး စိတ်ဓာတ်နဲ့ ခံယူချက် မှန်ကန်ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေကိုသာ ခေတ်မီလက်နက်တွေ တပ်ဆင်ပေးနိုင်မယ်၊ လိုအပ်တဲ့ စားနပ်ရိက္ခာဆေးဝါး၊ အသုံးအဆောင်တွေ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် စိတ်ဓာတ်ပျက်ပြားပြီး အဓမ္မဘက်က ရပ်တည်မိတဲ့ အကြမ်းဖက်စစ်ဓားပြတပ်ကို အချိန်ကာလတိုအတွင်း တွန်းလှန်ဖယ်ရှားနိုင်မှာ သေချာလှပါတယ်။ 

ပြီးခဲ့တဲ့အပတ်တုန်းက အကြမ်းဖက်စစ်ကောင်စီကို ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ပြီလို့ ကြေညာခဲ့တာ ၆ လပြည့်တဲ့ အထိမ်းအမှတ်အ‌နေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့ ပြည်သူတွေအတွက် အစီရင်ခံတစ်စောင်ကို ထုတ်ပြန်ခဲ့ရာမှာ ပြည်သူလူထုရဲ့ လှူဒါန်းမှုများအရ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ရရှိခဲ့ရာမှာ ရန်ပုံငွေအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းကို စစ်လက်နက်ခဲယမ်းပစ္စည်း ဝယ်ယူမှုနဲ့ ထုတ်လုပ်မှုအတွက် အသုံးပြုခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

မြန်မာပြည်တနံတလျားမှာ သက်စွန့်ဆံဖျား ဘဝတွေ စွန့်လို့ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ဖို့ လက်နက်တော်လှန်ရေးမှာ ရဲရဲရင့်ရင့် ပါဝင်လာကြတဲ့ လူအင်အားအရ သိန်းနဲ့ချီလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေကို လက်နက်တပ်ဆင်ရာမှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ဆိုတာ အလွန့်အလွန်နည်းပါးပြီး မလုံလောက်သေးတဲ့ပမာဏ ဖြစ်ပါတယ်။ 

‌ဒါကြောင့် မြန်မာ့နွေဦးတော်လှန်ရေးကို အချိန်တိုတိုအတွင်း တန်ဖိုးရှိတဲ့ လူငယ် လူရွယ်‌တွေရဲ့ အသက်နဲ့ ဘဝတွေ အထိအခိုက် အကျအဆုံး နည်းနိုင်သမျှနည်းနည်းနဲ့ အောင်ပွဲရနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံသားတိုင်းက NUG နဲ့ PDF တွေအတွက် လိုအပ်နေတဲ့ တော်လှန်‌ရေးရန်ပုံငွေ အားဖြည့်ပေးနိုင်ဖို့ အောက်ပါနည်းလမ်း‌တွေအနက်က မိမိတို့တတ်နိုင်တဲ့နည်းလမ်းကို သုံးပြီး ထောက်ပို့ တာဝန်ယူနိုင်ကြပါတယ်။

၁) Click To Donate (အပလီကေးရှင်း၊ လင့်တွေကို ကလစ်နှိပ်ပြီး တော်လှန်ရေးရန်ပုံငွေ တိုးအောင် ကူညီတဲ့နည်း)

၂) လစဉ်အလှူငွေ ထောက်ပံ့ပေးဖို့ ပြည်သူ့တော်လှန်ရေးမိသားစုဝင် (People's Revolution Family) PRF Member အဖြစ်လျှောက်ထားပြီး ထောက်ပို့ကူညီတဲ့နည်း။

၃) NUG က ရောင်းချနေတဲ့ Bond စာချုပ်များ ဝယ်ယူ နိုင်သမျှဝယ်ယူ ကူညီတဲ့နည်း။

၄) You tubeမှာ We click mm ရိုက်ရှာပြီး တင်ထားတဲ့ ဗွီဒီယိုလေးတွေ ၅ ခုလောက် နေ့စဉ် ဝင်ကြည့်ရင်း ဝင်လာတဲ့ ကြော်ငြာတွေပါ အကုန်ကြည့်ပြီး တော်လှန်ရေးရန်ပုံငွေ တိုးအောင် ကူညီတဲ့နည်း။

၅) နီးစပ်ရာ ယုံကြည်ရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေကောက်ခံပို့ပေးသူများထံ အလှူထည့်ကူညီတဲ့နည်း စတာတွေ ဖြစ်ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံနဲ့ မြန်မာပြည်သူလူထုအပေါ် လူမဆန်စွာ ရက်ရက်စက်စက် ဖျက်ဆီး သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ် ချေမှုန်းနိုင်အောင် ရရာလက်နက် ကိုင်စွဲပြီး မပြည့်မစုံနဲ့ တော်လှန်နေကြရတဲ့ မတရားမှုတိုင်းကိုခေါင်းငုံ့မခံတတ်တဲ့ ကောင်းမြတ်တဲ့ အမျိုးသားရေးလက္ခဏာ ဗီဇသွေးအပြည့်ရှိကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တော်သားတွေကို တူမီးခါးချိုး တပ်ဖွဲ့အဆင့်က‌နေ ခေတ်မီလက်နက်အပြည့်အစုံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တော်ကြီး အဖြစ် အဆင့်မြှင့်ပေးနိုင်မှသာ အာဏာလု အကြမ်းဖက်စစ်ဓားပြတပ် ရန်စွယ်ကို အချိန်ကာလတိုအတွင်း ဖယ်ရှားအောင်မြင်နိုင်မှာမို့ သိတတ်နားလည်ကြတဲ့ မြန်မာနိုင်ငံသားတိုင်းက ပြည်သူ့ခုခံတော်လှန်စစ် ရန်ပုံငွေ လုံလောက်အောင် ဝိုင်းဝန်းပါဝင် ကူညီအားဖြည့်ကြဖို့ အလေးအနက် တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024