ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဒေါငံခါးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က တစ်ပတ်အတွင်း ပြည်သူပိုင်နေအိမ် ၄၀ ထက်မနည်းကို အကြမ်းဖက် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို က သတင်းထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာ၊ တနန်းဥကွိုင်ကျေးရွာနဲ့ အို့ခူရီကျေးရွာ ၃ ရွာက ပြည်သူနေအိမ်မီးရှို့ဖျက်ဆီးခံရတာ စုစုပေါင်း အိမ်အလုံး ၆၀ ထက်မနည်းရှိခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒေါငံခါးကျေးရွာ ၊ တနန်းဥကွိုင်ကျေးရွာနဲ့ အို့ခူရီကျေးရွာတို့မှာ တပ်စွဲထားပြီး ပြည်သူပိုင်နေအိမ်တွေကို နေ့စဥ်နှင့်အမျှ မီးရှို့ဖျက်စီးနေတယ်လို့ ဆိုပါတယ်။
ဒေါငံခါးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို DMO-local PDF ပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား မတ်လ ၁၃ ရက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အတွဲလိုက်ဒုံး (MLRS)တွေနဲ့ ပစ်ခတ်လို့ ကရင်နီပူးပေါင်းတပ်တွေဟာ ဒေါငံခါးကျေးရွာကို ခေတ္တဆုတ်ခွာပေးရတယ်။