တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာနေ CDM ကျန်းမာရေးဝန်ထမ်း မအိမို့မို့မြတ်အား စစ်ကောင်စီတပ်သားတွေက မတ် ၂၁ရက်၊ ညနေ ၃ နာရီလောက် လာရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် မအိမို့မို့မြတ်ဟာ CDM ပြုလုပ်ထားတဲ့ သားဖွားဆရာမတဦးဖြစ်ပြီး နေအိမ်မှာ ကလေးငယ်တွေအား စာသင်ပေးနေစဥ် အရပ်ဝတ် စစ်ကောင်စီတပ်သား ၅ ဦးလောက် လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
မအိမို့မို့မြတ်အား လောင်းလုံးမြို့မရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သားဖွားဆရာမ မအိမို့မို့မြတ်ဟာ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်ထဲမှာ တာဝန်ထမ်းဆောင်နေရာကနေ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး ဇာတိရွာ နေအိမ်မှာရှိနေစဥ် အခုလိုဖမ်းဆီးခံခဲ့ရတာပါ။
လောင်းလုံးမြို့နယ်မှာ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပညာရေးဝန်ထမ်း ၈ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၁ ဦးရှိပြီး အဖမ်းခံရတဲ့သူတော့ မရှိသေးဘူးလို့ သိရပါတယ်။