Home
မြန်မာသတင်း
ရေးဦးမြို့နယ်တွင် စစ်ကောင်စီယာဉ် ၁ စီး မိုင်းဆွဲခံရ
DVB
·
March 22, 2022
276168857_1024646728130137_5161242442852784901_n

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဆည်ကြီးရွာဦးထိပ်မှာ မတ် ၂၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ယာဉ် ၁ စီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်ဟာ ရေဦးမြို့ကနေ ဒီပဲယင်းမြို့နယ် ညောင်လှဘက်ကိုသွားစဉ် ကွန်ကရစ်လမ်းမှာ မိုင်းဆွဲခဲ့တာလို့ ရေဦးမြို့နယ် ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီကောင်တွေ ရေဦးမြို့ထဲကနေ ကားအပြာနဲ့ ထွက်လာတယ်။ နောက်တနေရာရောက်တော့ ဒီကောင်တွေ ကားနောက် ၁ စီး နဲ့ အရောင်ပြောင်းပြီး ထပ်ထွက်လာတယ်။ အဲလိုထွက်လာတာကို ကြိုတင်သိရလို့ မိုင်းလေးလုံးစဉ်ပြီး ဆည်ကြီးရွာထိပ်ကနေ အသင့်ပြင်ထားတယ်။ သူတို့လည်း ကျနော်တို့ မိုင်းကွင်းထဲရောက်တာနဲ့ ဖြုတ်ထည့်လိုက်တာ၊ လေးကောင်ကတော့ လေပေါ်လွင့်တက်သွာတာ မျက်စိနဲ့တပ်အပ်မြင်လိုက်ရတယ်။ နောက်တော့ ကျနော်တို့နဲ့ ၁၀ မိနစ်လောက် အပြန်အလှန်ပစ်ခတ်တာလေး ဖြစ်သေးတယ်။ နောက်တော့ စကစဘက်က ရေဦးဘက်ကနေ စစ်ကူကားနှစ်စီး‌နဲ့ ရောက်လာလို့ ကျနော်တို့ နောက်ဆုတ်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိဘူး” လို့ ပြောပါတယ်။

ရေဦးမြို့နယ် ဆည်ကြီးရွာထိပ်မှာ မိုင်းဆွဲခံရတာကြောင့် ရေဦးမြို့ထဲကနေ စစ်ကူလိုက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ လမ်းဘေးကျေးရွာတွေကို ပစ်ခတ်ခဲ့တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၂၀ ရက်နေ့ ညနေ ၄ နာရီလောက်ကလည်း ရေဦးမြို့ပေါ်မှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ၃ ပွင့်ဗိုလ်တစ်ဦးနဲ့ တပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ဆေးရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့က စစ်‌ကောင်စီတပ် မိုင်းဆွဲခံရတဲ့‌ ဆည်ကြီးကျေးရွာဟာ ရေဦးမြို့ပေါ်နဲ့ ၅ မိုင်လောက် ကွာဝေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024