ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်စွဲထားတဲ့ မောခီးစခန်းကို KNLA-KNDO နဲ့ ပူးပေါင်းတပ်တွေ မတ်လ ၂၁ ရက် ဒီ ညနေ ၄ နာရီကျော်ခန့်လောက်မှာ ဝင်ရောက်သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်ဖွဲ့ကနေသိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်စခန်းဟာ မြဝတီမြို့တောင်ဘက်မှ မိုင် ၅၀ လောက်အကွာ မြန်မာ-ထိုင်းနယ်စပ်နဲ့ ၃ မိုင်လောက်သာ ကွာဝေးပြီး စခန်းအတွင်း စစ်ကောင်စီ အင်အား ၃၀ လောက် တပ်စွဲထားတဲ့စခန်းဖြစ်ပါတယ်။
မောခီးခန်းကို သိမ်းပိုက်နိုင်ရေးအတွက် KNU/KNLA တပ်မဟာ(၆) လက်အောက်ခံ ဌာနဆိုင်ရာအဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ရယူပြီး မတ်လ ၂၁ ရက် ညနေ ၄ နာရီကျော်လောက်မှာ မော်ခီးစစ်ကောင်စီ စခန်းကို ဝင်ရောက်သိမ်းပိုက်လိုက်တာလို့ တိုက်ပွဲပါဝင်တဲ့ KNLA တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ ဘေးလွတ်ရာထွက်ပြေးသွားကြပြီး အနည်းဆုံး တယောက် သေဆုံးကာ တယောက်ကိုတော့ အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ကြီး ၁၂၀ မမ တစ်လက်၊ ၁၂၀ မမကျည် အလုံး ၅၀ ၊ RPG 7 ကျည်အလုံး ၅၀ သိမ်းဆည်းရမိကာ ကျန်လက်နက်ခဲယမ်းတွေကိုတော့ အခုအထိ ရှင်းလင်းနေတုန်းပဲလို့ ဆိုပါတယ်။
ကော့ကရိတ်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်တွေအကြားတိုက်ပွဲ ဖြစ်ပွားခဲ့သလို တပ်မဟာ(၅) နယ်မြေဘက်မှာလည်း နှစ်ဘက် စစ်ရေးတင်းမာနေပါတယ်။