မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ မတ်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၅ ယောက်သေဆုံးပြီး ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ PKU N PDF ကနေ သိရပါတယ်။
ရေစကြိုမြို့ကနေ ပခုက္ကူမြို့ဘက်ပြန်လာတဲ့ စစ်ကောင်စီကားကို ဒီကနေ့ မွန်းတည့် ၁၂ နာရီကျော်လောက်က ပခုက္ကူလေယာဥ်ကွင်းနားမှာ ရေစကြိုတောင်ပိုင်း S YSO PDF နဲ့ ပခုက္ကူမြောက်ပိုင်း PKU N PDF ညီနောင်မဟာမိတ်တွေပူးပေါင်ပြီး ပဒေသာမိုင်း ၈ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာလို့ PKU N PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ယောက် နေရာမှာတင် သေဆုံးကာ ၂ ယောက် အပြင်းထန် ဒဏ်ရရှိသွားတယ်လို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေကတော့ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့ဝင်မြို့ထွက်ဂိတ်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ စစ်ကောင်စီတပ်တွေ ပိတ်ဆို့ ရှာဖွေစစ်ဆေးနေတာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့ သတိပေးထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။