မြိတ်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မြိတ်မြို့နယ်၊ လသာကျေးရွာအနီးနယ်ခြားမှာ မတ် ၁၈ ရက်နေ့လယ်ပိုင်းက ဂိတ်ကြေးကောက်ခံနေတဲ့ ရဲတွေကို ဘက်မလိုက်ပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အဆိုပါ အပြန်အလှန်ပစ်ခတ်မှုမှာ ဒုရဲအုပ် ၁ ဦးသေပြီး ရဲ ၃ ဦးဒဏ်ရာရရှိခဲ့ကာ လက်နက် ၂ လက် သိမ်းဆည်းရမိခဲတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က စစ်ကူရောက်လာကာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဘက်မလိုက်ပျောက်ကျားအဖွဲ့က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှာရှိတဲ့ ကိုးအင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ မတ် ၁၉ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
အဲဒီလိုတိုက်ပွဲဖြစ်ပွားနေတဲ့အချိန် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁ လုံး ခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မြိတ်ခရိုင်အတွင်း တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။