စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၀၁၆ က တပ်သား ၁ ဦး ကေအန်ယူ တပ်မဟာ ၅ နယ်မြေကို လက်နက်ခဲယမ်းအပြည့်အစုံနဲ့ မတ် ၁၇ ရက်က အလင်းဝင်ရောက်ခဲ့တယ်လို့ ဒီကနေ့ မတ် ၁၈ ရက်မှာ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၀၁၆ က တပ်သားအဆင့်ရှိတဲ့ စောမော်ဝါးဟာ M-16 AR ၁ လက်၊ ကျည်ကပ် ၃ ခု၊ ကျည်ဆံ ၃၀၀ တောင့်နဲ့အတူ တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ ၊ တပ်ခွဲ ၃ ကို လာရောက် အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ အထက်အရာရှိတွေက အမိန့်ပေးစေခိုင်းပြီး ကရင်လူမျိုးအချင်းချင်းကို ပြည်လည်တိုက်ခိုက်တာ၊ အပြစ်မဲ့ပြည်သူတွေကို လူစိတ်ကင်းမဲ့ပြီး သတ်ဖြတ်ဖို့ အမိန့်ပေးစေခိုင်းတာတွေကို မိုက်ရူးရဲဆန်ဆန်မပြုလုပ်လိုတော့လို့ တပ်သားစော်မော်ဝါးက အခုလို အလင်းဝင်ရောက်လာရတာလို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။