မကွေးတိုင်း ကျောက်ထုဒေသမှာ မတ်လ ၁၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၈ ဦး သေဆုံးခဲ့တယ်လို့ ကျောက်ထု PDF ကနေ သိရပါတယ်။
ပခုက္ကူကနေ ကျောက်ထုဘက်ကို တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းက ရှေ့ပြေးကား ၃ စီးကို မနေ့ နေ့လယ်ပိုင်းမှာ ကျောက်ထု PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး ကား ၂ စီး ထိခိုက်ပျက်စီးသွားတယ်လို့ ကျောက်ထု PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ မိုင်းတွေဟာ မတ်လ ၁၆ ရက်နေ့က မိုင်းထောင်ရင်း မတော်တဆ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ ယောက် ထောင်ထားခဲ့တဲ့ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကျောက်ထု PDF ပြန်ကြားရေးတာဝန်ခံက “ကားအစီးရေ ၈၀ ကျော်လောက် ပါတယ်ဗျ။ချင်းတောင်ဘက်ကို တက်မယ့်ကားတွေ။ ကားပေါ်မှာ လက်နက်၊ ရိက္ခာနဲ့ စစ်ကောင်စီတပ်သားတွေ အင်အားအပြည့်ပါတယ်” လို့ ပြောပါတယ်။
ကျောက်ထုရဲစခန်းကနေ မြို့ထဲကို ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း မတ် ၈ ရက်နေ့မှာ ကျောက်ထု PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို တိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။