မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ မတ်လ ၁၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ ထီးလင်း-PDF ကနေ သိရပါတယ်။
ပခုက္ကူ-ကျောက်ထုလမ်းအတိုင်း ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၉၆ စီးအနက် အင်အားအပြည့်ပါတဲ့ ကားတစ်စီးကို မနေ့က မွန်းလွဲ ၂ နာရီခွဲလောက်က ပုံတောင်အဆင်းမှာ ထီးလင်း-PDFက ပဒေသာမိုင်း ဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ ထီးလင်းPDFရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“စစ်ကောင်စီရဲ့ စစ်ကားတန်းက အရမ်းများတယ်ဗျ။ ပဒေသာမိုင်းဆွဲလိုက်တော့ ကားတစ်စီး မီးလောင်နေတာကို လှမ်းမြင်နေရတယ်။ သေဆုံးဒဏ်ရာရတဲ့သူ အရေအတွက်ကိုတော့ အတိအကျ အတည်မပြုနိုင်ခဲ့ပေမဲ့ သေဆုံးဒဏ်ရာရသူ များပြားနိုင်တယ်။”
မိုင်းဆွဲခံရပြီးနောက် နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ပေမဲ့ ထီးလင်း-PDF က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။