ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် ၅ ဘက် စမ္မသား၊ စံအိမ်နူးကျေးရွာနဲ့ အနီးတဝိုက် ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် CDF တို့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒေသခံ ၉၀၀ လောက် တောတောင်တွေထဲ ထွက်ပြေးပုန်းအောင်းနေရပါတယ်။
ကန်ပက်လက်မြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ နာမကျန်းသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ပါဝင်ပြီး အခုလို ပုန်းအောင်းနေရတာ ရက်အနည်းငယ်ကြာမြင့်နေပြီလို့ သိရပါတယ်။
စစ်ဘေးရှောင်တွေဟာ တောတောင်ထဲမှာ အစာရေစာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တိုက်ပွဲတွေ ဘယ်လောက်ကြာမယ်ဆိုတာ မခန့်မှန်းနိုင်တာကြောင့် နေထိုင် စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်နေတဲ့အတွက် အကူအညီပေးကြဖို့ ကန်ပက်လက်မြို့နယ် ကြက်ခြေနီအသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မတ်လ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။
ကန်ပက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်က သာလွန်အင်အား အသုံးပြုပြီး ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် CDF ကန်ပက်လက်အနေနဲ့ သူတို့ရဲ့ တပ်မဟာဌာနချုပ်ကို ယာယီစွန့်ခွာခဲ့ရတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မတ် ၁၅ ရက် စမ္မသားရွာဟောင်း တိုက်ပွဲမှာလည်း မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းနဲ့ ကျောက်ထု အမြောက်တပ်တို့က လက်နက်ကြီး ပစ်ကူပေးခဲ့တာကြောင့်၊ စမ္မသားရွာဟောင်းက လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။