မကွေးတိုင်း ဆောမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်ကြားမှာ မတ် ၁၅ ရက်နေ့ ညနေက စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အရာရှိအပါအဝင် ၅ ယောက်လောက် သေဆုံးနိုင်တယ်လို့ လောင်းရှည် PDF က ပြောပါတယ်။
ဆောနဲ့ စေတုတ္တရာမြို့နယ်ကြားက ကြံစိမ့်ကျေးရွာနဲ့ ညောင်ပင်ကျင်းရွာ လမ်းပိုင်းမှာ 4WD အိမ်စီးကားနဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ကို လောင်းရှည် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီကားပေါ်ကနေ စစ်ကောင်စီတပ်သား ၃ ယောက်လောက်က လက်နက်ငယ်တွေနဲ့ မနားတမ်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ လောင်းရှည် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲဖြစ်နေစဉ် ၁၀ မိနစ်လောက်အကြာမှာ စစ်ကောင်စီဘက်က ကား ၃ စီး အင်အားအပြည့်နဲ့ တပ်ကူရောက်လာလို့ လောင်းရှည် PDF က ရဲဘော်တွေ အထိအခိုက် အကျအဆုံး မရှိအောင် ခက်ခက်ခဲခဲ ရုန်းထွက်ခဲ့ကြရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ပျက်စီးသွားတဲ့ ကားနဲ့ သေဆုံးဒဏ်ရာရတဲ့သူတွေကို ကား ၃ စီးနဲ့ သယ်ဆောင်ပြီး ကပစ ၂၅ ထဲ သယ်သွားကြတယ်လို့ ဆိုပါတယ်။
လောင်းရှည်မြို့ကနေ ဆောမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း မတ်လ ၃ ရက်နေ့မှာ လောင်းရှည် PDF က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။