ကလေးအကျဉ်းထောင်တွင်းမှာ ထောင်အာဏာပိုင်တွေက ပစ်သတ်လို့ သေဆုံးခဲ့တဲ့ အကျဉ်းသား ၇ ဦးထဲမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- CNDF မှ ရဲဘော် ဆလိုင်း ရှလွန်ရှန်းထန်းလျန်(ခ) ဗန်ဒိန်း ပါဝင်ပြီး အမျိုးသားတော်လှန်ရေးအတွက် ပေးဆပ်မှုအပေါ် လေးစားဂါဝရပြုတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က သတင်းထုတ်ပြန်ပါတယ်။
ကလေးအကျဉ်းထောင်တွင်း မတ် ၁၅ ရက်ညနေက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ အချုပ်သား ၆ ဦးနဲ့ အကျဉ်းသား ၁ ဦး စုစုပေါင်းပေါင်း ၇ ဦး သေဆုံးခဲ့ပြီး အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားတာပါ။
အကျဉ်းထောင်ဝန်ထမ်းအရာရှိတွေကို ဖမ်းဆီးပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်သတ်တာဖြစ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးရဲ့ ဝါဒဖြန့်မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။
ဒါဟာ အဖြစ်မှန်မဟုတ်ဘဲ စစ်ကောင်စီက လုပ်ကြံသတင်းထုတ်ထားတာဖြစ်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ချင်းအမျိုးသားအဖွဲ့ချုပ် CNO ပြန်ကြားရေးတာဝန်ခံဖြစ်သူက “ဒီကောင်တွေရဲ့ ယုတ်မာမှုလို့ပဲမြင်တယ်။ ကလေးတွေက ကိုယ်ပိုင်စဉ်းစားချင့်ချိန် တွေးတောနိုင်တဲ့သူတွေ။ ထောင်ထဲကထွက်ပြေးဖို့ မိုက်ရူးရဲဆန်တဲ့ပုံစံမျိုးလုပ်မှာမဟုတ်ဘူး”လို့ ပြောပါတယ်။
ထောင်ထဲမှာ အပ်တိုတချောင်းတောင်ဆောင်လို့မရတဲ့သူတွေကို သေနတ်နဲ့ပစ်သတ်တာ ဘယ်လိုမှလက်ခံလို့ မရဘူးလို့လည်း ပြောပါတယ်။
ကလေးအကျဉ်းထောင်မှာ အချုပ်သား ဗန်ဒိန်း (ဘ) ဦးလျန်ပုန် ဦးဆောင်တဲ့ အကျဉ်းသား၊အချုပ်သား ၅၀ လောက်က အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နဲ့ ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုးတို့ ၃ ဦးကို ဓားစာခံပြုလုပ်ပြီး အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြံစည်ကြိုးစားတာကြောင့် ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
ထောင်တာဝန်ခံအရာရှိပါ ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းချုပ်စဉ် တာဝန်ခံအရာရှိက ပြန်လည်ခုခံလို့ လွတ်မြောက်သွားခဲ့ပြီး ဗဟိုကင်းပေါ် ချက်ချင်းတက်ရောက်ကာ Hand Speaker နဲ့ ဖမ်းဆီးထားတဲ့ အရာရှိ ၂ ဦးကို ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ် ပြောကြားခဲ့ပေမယ့် လိုက်နာမှုမရှိလို့ MA-11 သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ အချုပ်သားတွေ သေဆုံးဒဏ်ရာ ရခဲ့တာလို့ ဆိုပါတယ်။
ဓားစာခံအဖြစ် ထိန်းသိမ်းခံရတဲ့ ဒုကြီးကြပ်ရေးမှူးရဲ့ ဝဲဘက်လည်ပင်းနဲ့ မေးရိုးတို့မှာ ပြတ်ရှဒဏ်ရာ ၁ ချက်စီ (မစိုးရိမ်ရ) ရရှိသွားပြီး ကလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ကုသပေးနေတယ်လို့ ဆိုပါတယ်။
ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေအကြား ပြဿနာတက်ကြရာက စစ်တပ်က ဝင်လာကာ အကျဉ်းသားတွေကို ပစ်သတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပစ်သတ်ခံရသူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေ ဒါမှမဟုတ် အဖမ်းခံထားရတဲ့ PDF တွေဖြစ်ပြီး သေဆုံသူ အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ကလေးအကျဉ်းထောင်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မော်လိုက်လေးကျေးရွာအနီး ကလေး-တမူး ကားလမ်းမှာ တည်ရှိပြီး ထောင်အနီးပတ်ဝန်းကျင်မှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။
Photo-DSINFO