စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ မတ် ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ပစ်သတ်မှုကြောင့် အသက် ၈၀ ကျော် အဘိုးအိုတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်သွားတဲ့ အဘိုးအိုဟာ ပိက္ခယားကျေးရွာက အသက် ၈၀ ကျော်အရွယ် ဦးသာချစ်ဖြစ်ပြီး ကျေးရွာအတွင်း ဒုတိယမြောက် အသက်အကြီးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်သတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တောင်တွင်းဒေသမှာရှိတဲ့ ကြာပင်ကျေးရွာနဲ့ အိန္ဒိယလမ်းဆိုဒ်အနီးမှာ တပ်စွဲနေထိုင်တဲ့ အဖွဲ့တွေ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပိက္ခယားကျေးရွာအတွင်းကို မတ် ၁၆ ရက် ဒီနေ့ မနက်ပိုင်းက သေနတ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း၊ အသက်အရွယ်ကြီးရင့်သူတွေကတော့ ထွက်ပြေးနိုင်စွမ်း မရှိကြဘဲ သူတို့ရဲ့နေအိမ်မှာပဲ ကျန်ခဲ့ရာကနေ စစ်ကောင်စီတပ်ရဲ့ အခုလို ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။
ပိက္ခယားကျေးရွာဟာ မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ တည်ရှိပြီး အိမ်ခြေ ၁၆၀ ကျော်နဲ့ လူဦးရေ ၈၀၀ ကျော်လောက် နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ မကြာခဏ ဝင်ရောက်မွှေနှောက်လေ့ရှိတဲ့ ကျေးရွာလို့လည်း ဆိုပါတယ်။
မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာနေပြီး မတ် ၁၅ ရက်နေ့ကလည်း စစ်ရှောင်ပြည်သူတွေရဲ့ တဲအိမ်ငယ်လေးတွေကို စစ်ကောင်စီအဖွဲ့တွေက လိုက်လံမီးရှို့ရာက မနက်ပိုင်းကနေ ညနေပိုင်းအချိန်ထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိပြီး စစ်ကောင်စီဘက်က ၈ ဦး သေဆုံးခဲ့သလို PDF ပူးပေါင်းအဖွဲ့ဘက်က KPDF-2 အဖွဲ့ဝင် ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။