ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားဝေဖန်ပြောဆိုခဲ့သည့် အမျိုးသား ၂ ယောက်ကို ရဲက ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ ပေါင်းတည်မြို့နယ် တရားရုံးက နေသိရပါတယ်။
မြို့ခံ ကိုသက်လှ(ခ)ကိုသက်နဲ့ ကိုအောင်တင်ဝင်းတို့ နှစ်ယောက်ဟာ ရေတွင်းမှာ ရေချိုးရင်းနဲ့ စကားစမြည်ပြောရာမှာ စစ်ဘောမတွေ မြန်မြန်သေရင်ကောင်းမှာပဲလို့ ပြောဆိုခဲ့တယ်ဆိုပြီး ဒလန်တစ်ယောက်က သတင်းပေးခဲ့တဲ့အတွက် မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးက “သူတို့နှစ်ယောက်ကို ပထမကတော့ အုတ်ဖို (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆဲဆိုကြိမ်းမောင်းတဲ့အတွက်ဆိုပြီး အိမ်မှာ လာဖမ်းသွားတာ မနက်ဖြန်တော့ ရုံးချိန်း၊ ရမန်ယူမယ်လို့ကြားတယ်။ သူတို့က အုပ်ချုပ်ရေးမှူးကို တောင်းပန်သေးတယ်။ ကျေအေးမပေးဘူး။ ကျေအေးမပေးတဲ့အပြင် ပထမစွဲထားတာတဲ့ ပုဒ်မ ၄၇ အပြင် နောက်ထပ်ပုဒ်မ ၃၀(က) ၅၀(က) ၄၉ စတဲ့ပုဒ်မတွေနဲ့ ပါထပ်တိုးလိုက်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးတရားစွဲခံရတဲ့ အမျိုးသား၂ ယောက်ဟာ ထန်းတောစု လမ်းထဲမှာပဲနေကြပြီး သူတို့ အိမ်နဲ့ မလှမ်းမကမ်းမှာနေတဲ့ အုပ်ချုပ်ရေးမှူး ဦးအုံးသိန်းနဲ့ အရင်ကပြဿနာဖြစ်ခဲဖူးတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဘာအကြမ်းဖက်မှုမှ လုပ်တာမဟုတ်ဘူး။ တကယ်က သူတို့နှစ်ယောက်က အုပ်ချုပ်ရေးမှူး အိမ်နားက ရေတွင်းမှာ ရေချိုးရင်း သူ့တို့ဘာသာ စကားပြောရင်း သူတို့ပြောတဲ့စကားထဲမှာ ဒီဘောမတွေ မြန်မြန်သေရင်ကောင်းမယ်လို့ ပါသွားတာကို ဒလန်တကောင်က သွားတိုင်လိုက်တဲ့အတွက် အခုလိုအဖမ်းခံရတာ။ အမှန်က အရင်တုန်းက သူအုပ်ချုပ်ရေးမှူးမဖြစ်ခင်တုန်းက သူတို့ မြောင်းဖေါ်တဲ့ကိစ္စနဲ့ ပတ်သတ်လို့ သူတို့ စကားများရန်ဖြစ်ဖူးတယ်။ အဲ့ဒါကို အငြိုးနဲ့လုပ်တာ။ သူတို့က သူတို့နဲ့အဆင်မပြေရင် သူတို့လူကိုထိရင် တပ်ချင်တဲ့ ပုဒ်မ တပ်မယ်ဆိုပြီး လုပ်ချင်တိုင်း လုပ်နေကြတာ”လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ နှစ်ဦးအတွက် ရပ်ကွက်ထဲက ရပ်မိရပ်ဖလူကြီးတွေနဲ့ မိသားစုတွေက အုပ်ချုပ်ရေးမှူးရဲ့ အိမ်ကိုသွားရောက် တောင်းပန်ကြသေးပေမဲ့ နောက်မပြောရဲအောင် မှတ်လောက်သားလောက်ရှိအောင် လုပ်ရမယ်ဆိုပြီး အားလုံးကို မောင်းထုတ်ခဲ့ကာ နောက်တနေ့မှာ ပုဒ်မတွေ ထပ်တိုးလိုက်တာလို့လည်း ဒေသခံတယောက်က DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရပ်ကွက်ထဲက လူ ၃ ယောက်ကို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး အုပ်ချုပ်ရေးမှူး ဦးအုံးသိန်းက ဦးဆောင်ကာ စစ်ကောင်စီတပ်တွေနဲ့ လာဖမ်းသွားကာ စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးခဲ့ပြီး အပြစ်မရှိလို့ ခံဝန်လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။