Home
မြန်မာသတင်း
ဆိုင်ကယ်အတွင်း ဗုံးမတော်တဆပေါက်ကွဲမှုကြောင့် မြို့ပြပြောက်ကျား ရဲဘော် ၂ ဦး ကျဆုံး
DVB
·
March 15, 2022
275920163_389542526317516_616327648072387425_n

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းနဲ့ ၇၈ လမ်းအနီးမှာ မတ် ၁၄ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်အတွင်း ပါလာတဲ့ ဗုံးမတော်တဆပေါက်ကွဲပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ကျဆုံးသွားတဲ့ ပြည်သူ့ရဲဘော် ၂ ဦးရဲ့ အလောင်းတွေကို စစ်ကောင်စီတပ်တွေက သယ်ယူခြင်းမရှိဘဲ အနီးနားမှာ ကင်းပုန်းတွေချထားပြီး ထောင်ဖမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"အလောင်း ၂ လောင်းကို လမ်းပေါ်မှာ ဒီတိုင်းပဲ ထားထားတယ်။ ဆိုင်ကယ်ဗုံးကွဲထားတဲ့အရှိန်နဲ့  ဆိုင်ကယ်ကလည်း မီးလောင်ထားတာကိုတွေ့တယ်။ မနေ့ညကတည်းက ဖြစ်တာဆို အလောင်းတွေကို အခုချိန်ကောက်ပြီးနေရမှာ။ အခုတော့ စစ်တပ်က လမ်းပိတ်ပြီး အဲ့ဒီအလောင်းနှစ်လောင်းကို ပစ်ထားတယ်။ ပရဟိတအသင်းတွေလည်း ဘယ်သူမှလည်း အလောင်းမကောက်ပေးရဲဘူး။ အနီးနားမှာ အရပ်ဝတ်တွေရော ကင်းပုန်းတွေရော ချထားတာတွေ့တယ်။ ကျနော်တို့ကတော့ သူတို့ကိုတွေ့မြင်နေကြဆိုတော့ သိတာပေါ့။ သူတို့က ရဲဘော်တွေထဲက အခြေနေအကဲခတ်ဖို့လာကြမယ်၊ အဲ့အခါကြရင် ထောင်ဖမ်းချင်တဲ့သဘောဗျ။ ဒါ့အပြင် ပြည်သူတွေကို အကြောက်တရားစိုးမိုးနေအောင် ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတဲ့စိတ်တွေဖြစ်ပြီး ချောက်ချားအောင် တမင်တကာယုတ်မာထားတာ” လို့ အနီးအနားရှိ ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။ 

အဆိုပါ သေဆုံးသူ နှစ်ဦးမှာ Ranger Of Mandalay က ရဲဘော် UG နှစ်ဦး ဖြစ်ပြီး မတ်လ ၁၄ ရက် ညပိုင်းက တာဝန်ဆောင်ရွက်နေရင်း  ဆိုင်ကယ်အတွင်း အသင့်ပါလာတဲ့ ဗုံးပေါက်ကွဲမှုကြောင့် ကျဆုံးသွားတာလို့ အဖွဲ့က တရားဝင် အသိပေး ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024