ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ မတ် ၁၄ ရက် မွန်းလွဲ ၁၂ နာရီလောက်က စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်တွေက လူအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားလာတဲ့အတွက် ဆက်သွယ်ရေးဖြတ်တောက်တဲ့အနေနဲ့ တော်လှန်းရေးအင်အားစုတွေက မိုင်ခွဲခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
တောင်ကြာအင်းကျေးရွာသားတစ်ဦး” ဆက်သွယ်ရေး ဖြတ်တောက်တဲ့အနေနဲ့ ဖျက်ဆီးလိုက်တာလို့ကြားတယ်။ ကိုးတိုင်လမ်းဆုံကနေပြီး ဘုရားသုံးဆူအထိက ဒီလမ်းက အဓိကကျတဲ့ဆက်သွယ်ရေး လမ်းတစ်ခုလေ။ စစ်တပ်အတွက် အရေးကြီးတဲ့ ဆက်သွယ်ရေးတာဝါတိုင် ဖြစ်နေတယ်။ ဒီနေ့ တစ်ရက်တည်း ဒီလမ်းမကြီးတလျှောက်မှာ ဖြစ်စဉ် ၃ ခု ဖြစ်သွားခဲ့တယ်”လို့ ပြောပါတယ်။
မနေ့မနက် ၈ နာရီကျော်လောက်က ကော့ကရိတ်မြို့နယ်(ကိုးတိုင်-ကြာအင်းဆိပ်ကြီးလမ်း) ဝိဇ္ဇာကုန်းကျေးရွာအဝင် ရွာထိပ်ဇရပ်မှာ စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ BGF တပ်ဖွဲ့တွေက ခရီးသွားယာဥ်တွေကို မတရားဂိတ်ကြေးကောက်ခံနေအတွက် အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူ ၂ ဦးက BGF တပ်ဖွဲ့ဝင် ၂ ဦးကို ပစ္စတိုနဲ့ အနီးကပ်ပစ်ခတ်ခဲ့တဲ့အတွက် နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်။
BGF တပ်ဖွဲ့ဝင် ၂ ဦးပစ်သတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေကလာရောက် ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်မှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
အလားတူ မနေ့ မနက် ၉ နာရီလောက်က ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၃၂ တပ်ရင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း ၁၇ တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။