ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောက်စီလက်အောက်ခံ ခလရ ၃၂ တပ်ရင်းရှေ့မှာ မတ် ၁၄ ရက် ဒီမနက် ၉ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ ၊ မင်္ဂလာကုန်းအနောက်ဘက်နဲ့ ခလရ ၃၂ တပ်အနီးမှာ KNLA တပ်ရင်း ၁၇ ယောက်လောက်နဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နေ့လယ်လောက်အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဗိုလ် ၁ ဦးနဲ့ အရပ်သား ၁ ဦး ထိမှန်သေဆုံးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက”အခုက တိုက်ပွဲဖြစ်နေတုန်းပဲ။ လောလောဆယ်ကြားတာက တပ်ကဗိုလ်တစ်ဦးနဲ့ အရပ်သားတစ်ဦး ကျတယ်လို့ သိထားတယ်”လို့ ဆိုပါတယ်။
တိုက်ပွဲအသေးစိတ်ကို မသိရှိရသေးသလို နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို ဒီဗွီဘီက အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် မြို့ခံပြည်သူတချို့နဲ့ ကျောင်းတက်ရောက်နေတဲ့ ကျောင်းသူကျောင်းသားတွေ ပိတ်မိနေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကော့ကရိတ်- ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမပေါ် ယာဉ်သွားယာဉ်လာ မရှိတော့တဲ့အပြင် မြို့ခံသားပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စိုးရိမ်နေကြပါတယ်။