စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက သဘာဝသယံဇာတတွေ ထုတ်ယူတာကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က တားမြစ်ထားပြီး လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ဖို့ ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ် ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အလောင်းတော်ကဿဖနယ်မြေထဲက ကျွန်း၊ ပိတောက်၊ တမလန်းနဲ့ တခြား သစ်ဝါးတွေကို ခုတ်ယူခွင့် မပြုကြောင်းနဲ့ မြို့နယ်ထဲမှာလည်း သစ်၊ ဝါးတွေ သယ်ဆောင်ခွင့် မပြုကြောင်း ကနီအုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့်အသိ ပေးလိုက်တာပါ။
လက်တလော တော်လှန်ရေးကာလဖြစ်တာကြောင့် နိုင်ငံတော်ရဲ့ သယံဇာနဲ့တွင်းထွက်တွေကို ပြည်သူတွေအနေနဲ့ မပြုန်းတီးစေရေး ထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့လည်း ပြည်သူတွေကို အသိပေးထားပါတယ်။
ဒါပေမဲ့လည်း အိမ်ဆောက်ဖို့နဲ့ ရွှေ၊ ငွေ၊ ကျောက်မီးသွေး၊ သတ္တုတူးဖော်လိုပါက အုပ်ချုပ်ရေး အဖွဲ့ဆီက ခွင့်ပြုချက်ယူပါလို့ ဆိုပြန်ပါတယ်။
ဒါတင်မက ကုန်လမ်းနဲ့ ရေလမ်းခရီးသွားလိုတဲ့ ယာဉ်တွေအနေနဲ့ သူတို့သတ်မှတ်တဲ့အချိန်မှာပဲ သွားလာကြဖို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ကနီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကနီမြို့နယ်ထဲ ဖြတ်သန်းသွားတဲ့ ယာဉ်တွေဟာ စစ်ကောင်စီ ထောက်တိုင်ပစ္စည်းမှန်သမျှကို သယ်ဆောင်တာ လုံးဝခွင့်မပြုဘူးလို့ ထုတ်ပြန်ပါတယ်။