ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မိုင် ၄၀ ခန့်အကွာ ဝေါလေမြိုင်ဒေသ မောခီးရွာအနီးမှာ မတ် ၁၄ ရက် ဒီနေ့ မနက် ၈ နာရီလောက်က KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပစ်ခတ်တိုက်ခိုက်ကြပြီး အချိန်အနည်းငယ်မှာပဲ နှစ်ဘက်တပ်တွေ တိုက်ပွဲရပ်စဲလိုက်လို့ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးပေမဲ့ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲစစ်ကူမလိုက်ပေးနိုင်တာကတော့ အသေအချာပဲလို့ KNLA တာဝန်ရှိသူက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှ စစ်ကောင်စီတပ်တွေ နယ်မြေကျူးကျော်လာရာက စတင်လိုက်တဲ့ တိုက်ပွဲတွေ ၃ လတိတိရှိနေပေမဲ့ ဆက်လက်ဖြစ်ပွား နေတာပါ။
တိုက်ပွဲတွေကြောင့် ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ စစ်ရှောင်နေရဆဲဖြစ်ပြီး အခုရက်ပိုင်းအတွင်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ နှစ်ဘက် စစ်ရေးတင်းမာနေပါတယ်။