ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပေါ်က မိုင်းခွဲခံခဲ့ရတဲ့ တောနော်ရေတံခွန်အနီးက ကွန်ကရစ်တံတားကို ပြန်လည်ပြုပြင်နေစဉ်အတွင်း ကုန်တင်ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့် ၃ ရက်ပိတ်ထားမယ်လို့ သိရပါတယ်။
အာရှလမ်းမပါ်က မိုင်တိုင်အမှတ် 135 km နဲ့ 136 km ကြား (တောနော်ရေတံခွန်) က တံတား မိုင်းခွဲဖျက်စီးခံခဲ့ရတဲ့အတွက် တံတားထောက်တိုင် ၂ တိုင် အနည်းငယ်ပျက်စီးခဲ့တာဖြစ်ပြီး ပြန်လည်ပြုပြင်နေတဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ကုန်တင်ယာဉ်တွေကို ခေတ္တပိတ်သွားမယ်လို့ လမ်းတံတားဌာနကနေ သိရပါတယ်။
လမ်းတံတား ဆောက်လုပ်ရေးဝန်ထမ်းတဦးက “တံတားက ကုန်သွယ်မှုလမ်းကြောင်းပေါ်က အရေးကြီးတဲ့ တံတားဖြစ်တယ်။ ဆက်သွယ်မှု မပြတ်တောက်အောင်တော့ တံတားပြင်နေစဉ်မှာတော့ ကုန်တင်ယာဉ်ကြီးတွေကလွဲရင် ကျန်တဲ့ကားတွေကို ဖြတ်သန်းခွင့်ပြုသွားမှာ” လို့ ဆိုပါတယ်။
မတ် ၁၁ ရက်က အဆိုပါ တံတားကို အမည်မသိလက်နက်ကိုင်အဖွဲ့က မိုင်းခွဲခဲ့သလို မတ် ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြညသူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အပြင် ခရီးသည်တင်မှန်လုံယာဉ်နဲ့ ကုန်တင်ယာဉ် ၃ စီး ပစ်ခတ်မီးရှို့ခံခဲ့ရတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ရာ မတ် ၁၃ ရက်မှာ ယာဉ်ဖြတ်သန်းခွင့်တွေ ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။
ဘားအံမြို့ ခံယာဉ်မောင်းတဦးက “လမ်းကတော့ ဒီကနေ့ ပြန်ဖွင့်တယ်။ နိုင်ငံရေးက မကောင်းတဲ့ကြား အခုလိုတိုက်ပွဲတွေဖြစ်နေတော့ အဆင်မပြေဘူး။ ဒီကြားထဲ အသက်ကိုစွန့်ပြီး မိသားစု စားဝတ်နေရေးအတွက် အရဲစွန့်လုပ်နေရတာ။ စစ်ကောင်စီ အုပ်ချုပ်တဲ့ကာလမှာ လုပ်ကိုင်စားရတာ ဘာတခုမှ အဆင်မပြေဘူး” လို့ ဆိုပါတယ်။
မတ် ၁၁ ရက်က နောက်ဆုံးထားပြီး ကေအန်ယူ တပ်မဟာ ၆ နယ်မြေကနေ စစ်ကောင်စီတပ်တွေ ပြန်လည်ရုပ်သိမ်းဖို့ သတိပေးခဲ့ပေမယ့် စစ်ကောင်စီက မရုပ်သိမ်းတဲ့အပြင် လူအင်းအားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။