ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်က တက္ကသိုလ်ကျောင်းသား ၅ ဦးကို မတ်လ ၁၂ ရက်နေ့ ညပိုင်းက မီးဖြတ်ပြီး စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
၄၅ လမ်း အပေါ်ဘလောက်ကို စစ်ကောင်စီတပ်သားတွေက မီးဖြတ်ကာ ပိတ်ဆို့ပြီးမှ တိုက်ခန်းတွေကို ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့နေတဲ့တိုက်ကို သတင်းအတည်ကျရပြီးမှ ဝင်စီးတဲ့ပုံစံ ဖမ်းတာတော့ ရိုက်နှက်ဖမ်းသွားတာ ပြောက်ကျား သပိတ်လုပ်တဲ့လူငယ်တွေထင်တယ်” လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ မီးဖြတ်ပြီး ဝင်ရောက်ဖမ်းဆီးတာကြောင့် ရွာသားကြီး စီးပွားရေးတက္ကသိုလ် ကျောင်းသား ကိုကျော်ထက်အောင်၊ သက်အောင်မိုး(ခ) မိုးကြီး၊ အနောက်ပိုင်းတက္ကသိုလ်က ကိုမင်းခန့်ကျော်၊ မုံရွာစီးပွားရေးတက္ကသိုလ်က မမိုးမြင့်ဇူနဲ့ နောက်ထပ်လူငယ် ၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
တက္ကသိုလ်ကျောင်းသားတွေကို ရန်ကုန်မြို့မှာ မြို့ပြသပိတ်တွေ ပြုလုပ်တာနဲ့ပတ်သက်ပြီး ခုလို ဝင်ရောက်ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက တက္ကသိုလ်ကျောင်းသားတွေကို ဖမ်းဆီးချိန်မှာ သေနတ်ဒင်နဲ့ ထုတာတွေ၊ ရိုက်နှက်တာတွေရှိတာကြောင့် အသက်အန္တရာယ်စိတ်ပူရတယ်လို့ ဆိုပါတယ်။