ချင်းပြည်နယ်၊ မတူပီမြို့ စင်းတလန်ဒေသမှာ မတ် ၁၂ ရက်ကစပြီး CDF- မတူပီ တပ်ရင်း-၂ ခွင့်ပြုချက်မရှိဘဲ အုပ်ချုပ်ရေးဖွဲ့စည်းတာ၊ လက်နက်ကိုင်တပ် ဖွဲ့စည်းတာနဲ့ စခန်းချတာ စတာတွေ မလုပ်ဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
CDF- မတူပီ တပ်ရင်း-၂ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း မတ်လ ၁၂ နေ့က စတင်ပြီး CDM မဟုတ်တဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ဖြတ်သန်းသွားလာခွင့်မပြုဖို့၊ အရက်သေစာ မူးယစ်ဆေးဝါးများရောင်းဝယ် ဖောက်ကားတာ၊ ငါးမိုင်းခွဲတာနဲ့ အမဲလိုက်တာတွေ မပြုလုပ်ဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်နေရတဲ့ ရပ်ရွာအတွင်း တပ်ရင်းရဲ့ ခွင့်ပြုချက်မရှိဘဲ တည်းခိုခွင့်၊ ၀င်ထွက်သွားလာတာတွေ မပြုလုပ်ဖို့၊ စစ်ဘေးရှောင်တွေ မိမိတို့နေအိမ်တွေမှာ အိမ်မွေးတိရစ္ဆာန်တွေ၊ ကျွဲ၊ နွားတွေကို တပ်ရင်းကို အကြောင်းမကြားဘဲ ယူဆောင်သွားတာမျိုး မလုပ်ဖို့ စတဲ့ အချက် ၆ ချက် တားမြစ်လိုက်တာပါ။
CDF-မတူပီရဲ့ တားမြစ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။