Home
မြန်မာသတင်း
သင်္ကြန်သံချပ်နှင့်ပတ်သက်၍ ပုသိမ်မြို့အုပ်ချုပ်ရေးအဖွဲ့က တားမြစ်မိန့်ထုတ်
DVB
·
April 10, 2022
277561288_1128214824627621_2283090839803977352_n

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ သင်္ကြန်ကာလအတွင်း နိုင်ငံတော်၊ တပ်မတော် စတာတွေနဲ့ ပတ်သက်ပြီး သံချပ်ထိုးခြင်း မပြုလုပ်ဖို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ မြို့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၉ ရက်နေ့မှာ တားမြစ်မိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

“နိုင်ငံတော်၊ တပ်မတော်၊ လူမျိုးရေး၊ ဘာသာရေး၊ လူတဦးချင်း၊ လူအများနှင့်ပတ်သက်၍ အမျိုး ဘာသာ သာသနာ ဂုဏ်သိက္ခာထိခိုက်စေမည့် ပြည်တွင်း ပြည်ပ ခရီးသွားများ၊ဒေသခံပြည်သူများ စိုးရွံထိတ်လန့်စေသည့် သွေးထိုးလှုံဆော်မှု၊ မမှန်မကန်ဝါဒဖြန့်ဖန်တီးမှုများ၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပြုမူခြင်း ပြောဆိုခြင်း သံချပ်ထိုးခြင်း၊ သီဆိုခြင်း လှုပ်ရှားဆောင်ရွက်မှုများ မပြုလုပ်ရ" စတာတွေအပါအဝင် ၁၃ ချက်ကို ပုသိမ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အချက် ၁၃ ချက်ပါ ကြေညာချက်ဟာ ဧပြီ ၁၃ ကနေ ၁၆ ရက်နေ့အထိ အတည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။

"သင်္ကြန်ကို စည်းအောင် သူတို့လုပ်နေတယ်။ မဏ္ဍပ်တွေလည်း ဌာနဆိုင်ရာတွေပါ ဆောက်ကြတယ်။ သူတို့တပ်နေရာတွေလည်း အကုန်ဆောက်တယ်ကြားတယ်။ ကျနော်မိသားစုတွေက သင်္ကြန်ကာလမှာ အပြင်မထွက်ဘူး” လို့ ပုသိမ်မြို့နေထိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ထုတ်ပြန်ချက်ထားတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်ကျုးလွန်ပါက တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

Youths Union of Bassein အဖွဲ့က "ပျော်စရာသင်္ကြန်မဆင်နွှဲ တော်လှန်သင်္ကြန်ဆင်နွှဲ၊ အကြမ်းဖက်စစ်တပ်၏လုပ်ဆောင်မှုမှန်သမျှ ဆန့်ကျင်ကြ၊ တိုက်ပွဲဝင်မှ အောင်ပွဲဆင်၊ အရေးတော်ပုံ မုချအောင်မြင်ရမည်" ဆိုပြီး တိုက်တွန်းထားပါတယ်။

ပုသိမ်မြို့ ကမ်းနားလမ်းပေါ်မှာ ဗဟိုမဏ္ဍုပ်၊ ပညာရေး၊ ဆောက်လုပ်ရေး၊ ရဲ၊ ရခိုင်ရိုးရာမဏ္ဍပ်တွေ ဆောက်လုပ်ထားပါတယ်။

မြေအောက်တော်လှန်ရေးအဖွဲ့တွေကတော့ နိုင်ငံတဝန်း စစ်ကောင်စီဦးစီးကျင်းပမယ့် သင်္ကြန်မဏ္ဏပ်တွေဆီ မသွားကြဖို့ စစ်ကောင်စီတပ်တွေအနား မသွားရောက်ကြဖို့၊  အရက်သေစာ သောက်စားမူးယစ် အော်ဟစ် ကခုန်တာမပြုလုပ်ဖို့၊ တေးသီချင်းတွေ အသံကျယ်လောင်စွာမဖွင့်ကြဖို့နဲ့ မိမိနေအိမ်မှာသာ နေထိုင်ကြဖို့ လူထုကို သတိပေး ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024