ကညွှတ်ကွင်းမြို့ပေါ် စားသောက်ဆိုင်အချို့ COVID-19 တားမြစ်မိန့်များ မလိုက်နာ
DVB
·
April 13, 2020
ပဲခူးတိုင်း၊ ကညွှတ်ကွင်းမြို့က စားသောက်ဆိုင်တွေကို COVID-19 ကာကွယ်ဖို့အတွက် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေမဲ့ မလိုက်နာကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကညွတ်ကွင်းမြို့နေ ဦးဝင်းမြင့်က “ဆိုင်တွေမှာထိုင်ပြီး စားသောက်တာတွေ မလုပ်ဖို့နဲ့ ပါဆယ်စနစ်နဲ့သာ ရောင်းဖို့ ကြော်ငြာတာတွေ လုပ်နေပေမဲ့ ဆိုငိရှင်တွေက လိုက်နာမှုမရှိဘူး၊ ဆိုင်မှာ ထိုင်နေတာတွေ တွေ့နေရတယ်။ ဒါတွေကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်” လို့ ပြောပါတယ်။
ကညွှတ်ကွင်းမြို့တွင်းရှိ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ဌာနဆိုင်ရာက လိုက်လံစစ်ဆေးရာမှာ စည်းကမ်းဖောက်ဖျက်တဲ့ဆိုင်တွေ တွေ့ရှိတာကြောင့် ပထမအကြိမ် သတိပေးထားပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဥပဒေအရအရေးယူမယ်လို့ ကညွှတ်ကွင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ကညွှတ်ကွင်းမြို့ပေါ်မှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ၃၀ လောက်နဲ့ ကွမ်းယာဆိုင်က ၅၀ လောက်ရှိတယ်လို့ သိရပါတယ်။
ကျော်အောင်(ကညွှတ်ကွင်း)