ကိုဗစ်ပိုးတွေ့လို့ ၁၀ ရက်လောက် ယာယီပိတ်ထားတဲ့ မြန်မာ-တရုတ် အဓိက ကုန်သွယ်ရာ ကျင်စန်းကျော့ဂိတ်ကို မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။
"ဖွင့်လိုက်ပြီ။ မနေ့ မတ်လ ၁၂ ရက်နေ့ ညနေပိုင်း တရုတ် စံတော်ချိန် ၃ နာရီခန့်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ခွဲခန့်မှာ ကျင်းစန်းကျော့ - ဝမ်တိန်ဂိတ်ကို ပြန်ဖွင့်လိုက်ပြီ” လို့ ဝမ်တိန်က မြန်မာကုန်ဂိတ် လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။
မနေ့ကတော့ မြန်မာနိုင်ငံက ဖရဲ၊ သခွားမွှေးကားတွေ အဓိကဝင်ဖို့ ဦးစာပေးကြောင်း ရွှေလီရှိ မြန်မာ ကုန်သည် ၁ ဦးက ပြောပါတယ်။
ဂိတ်စဖွင့်တဲ့ မတ်လ ၁၂ ရက်နေ့မှာတော့ မြန်မာဘက်ကနေ တရုတ်ဘက်ကို Export ကား ၅ စီး ထွက်ပြီး တရုတ်ဘက်ကနေ မြန်မာဘက်ကို Import ကား ၁၁ စီး ဝင်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး၊ မူဆယ်ခရိုင်အဆင့် Task Force အဖွဲ့ ကတော့ မတ်လ ၁၁ ရက်နေ့က ကုန်စည် ဖြတ်သန်းစွမ်းကို စနစ်တကျ လည်ပတ်နိုင်ဖို့ A Zone အတွင်းရှိ သွင်းကုန် ကားတွေကို ရှင်းလင်းပေးဖိုနဲ့ Close Loop Management စနစ်နဲ့ ဆောင်ရွက်ဖို့ ရွှေလီအစိုးရက ညှိနှုင်းတောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စစဖွင့်ချင်းမှာပဲ "A" ဇုန်ထဲက Import ကားတွေကို ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဘက် သွားဖို့ထုတ်ပေးနေပြီဖြစ်ပြီး တရုတ်ဘက်ထဲက မြန်မာခါလီကားတွေ ထွက်လာဖို့တော့ လောလို့ မရသေးကြောင်း နယ်စပ်ကုန်သည် ၁ ဦး က ပြောပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့မယ့် ဖရဲ၊ သခွား၊ ဖရုံ၊ ကြက်သွန်တင် တရုတ်ကဲ့ကားရော မြန်မာကားတွေပါ ကားအစီးရေ ၇၃၀ လောက် ရွှေလွယ်အင်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွေမှာ တရုတ်ဘက်ဝင်ဖို့ စောင့်ဆိုင်းနေတာကြောင့် တရုတ်ဘက် အသစ်တင်ပို့ဖို့ မလောကြဖို့ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် တာဝန်ရှိသူ ၁ ဦးက သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် တောင်သူတွေ အပါအဝင် နယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်စပ်သူတွေကို အသိပေးထားပါတယ်။
မြန်မာဘက်ခြမ်း A ဇုန် ထဲမှတဆင့် Export ကားတွေ တရုတ်ဘက်ထဲ ဝင်နေပြီဖြစ်ပြီး တရုတ်ဘက်ခြမ်းထဲက သတ်မှတ်ထားတဲ့ကွင်းမှာ သတ်မှတ်နာရီအတိုင်း ပိုးသတ်ရပ်နားရမှာ ဖြစ်တာကြောင့် ကိုဗစ် ဆေးစစ်ပြီး ဆေးအောင်တဲ့ ကားတွေက အခွန်ဆောင်၊ F ဇုန်မှာ ဆေးထပ်မံ စစ်ဆေး ပြီးရင်ရောင်း၊ ရောင်းပြီးကားချိန်း၊ ပိုးထပ်စစ်ကာ ဆေးအောင်မှသာ ပြည်မကြီးထဲ တင်ပို့ခွင့်ရမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံထဲမှာ ကျန်းမာရေး၊ အကောက်ခွန်၊ အရောင်းအဝယ်၊ ကားချိန်း၊ ကျန်းမာရေး အဆင့်ဆင့် လုပ်ရမှာ ဖြစ်တာကြောင့် အနည်းဆုံး ၈ ရက်လောက် ကြာနိုင်ပြီး ရက်ကြာ အမှည့်လွန်သအသီးတွေအစား ပိုလတ်ဆတ်တဲ့ အသီးတွေ အစားထိုးတင်ပို့ကြဖို့ သစ်သီးဝလံကုန်စည်ဒိုင်က လမ်းညွှန်ချက်ထုတ်ပြန်ထားတယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
မြန်မာနိုင်ငံရဲ့ တရုတ် Export ကုန် အများဆုံး တင်ပို့နေတဲ့ ကျင်စန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကို တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ မတ် ၂ ရက်နေ့ကစ ရုတ်တရက် ယာယီပိတ်လိုက်တာဖြစ်ပြီး မတ်လ ၁၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်တာပါ။
ဓာတ်ပုံ- နယ်စပ်ကုန်သည် လုပ်ငန်းရှင်များ