ထိုင်းနိုင်ငံက AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းလှူဒါန်းခဲ့ပြီး ပထမအသုတ်အနေနဲ့ ကာကွယ်ဆေး ၅ သိန်း ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အကြမ်းဖက် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။
ဒီလှူဒါန်းမှုက ရရှိလာတဲ့ ကာကွယ်ဆေးတွေကိုတော့ နယ်စပ်ဒေသတွေအပါအဝင် ကာကွယ်ဆေး လွှမ်းခြုံမှုနည်းပါးနေသေးတဲ့ ဒေသတွေမှာ ဦးစားပေးထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။
လတ်တလောအချိန်ထိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး မတ် ၁၂ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ် ထိုးနှံပြီးသူ ၃ ဒသမ ၃ သန်း၊ ၂ ကြိမ် အပြည့်ထိုးနှံပြီးသူ ၂၁ ဒသမ ၄ သန်းနဲ့ စုစုပေါင်း ၂၄ ဒသမ ၇ သန်းကျော်ရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၀ ရာ ခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားတာပါ။
ဒါ့အပြင် လတ်တလော မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာအယောက် ၃၅၀ ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။