မန္တလေးတိုင်း၊ အမရပူရမြို့နယ် မြစ်ငယ်မှာ မတ် ၅ ရက်ကစပြီး စစ်ကောင်စီက ပြည်သူလူထုတွေရဲ့ နေအိမ်၊ ဈေးဆိုင်၊ ဝန်ထမ်းလိုင်းခန်းတွေကို ဖြိုချဖျက်ဆီးပြီး အဓမ္မ ပြောင်းရွှေ့ခိုင်းနေတယ်လို့ မြစ်ငယ်မြို့ခံတွေထံက သိရပါတယ်။
မြစ်ငယ်မှာ ၁၃ ရပ်ကွက်ရှိတဲ့အထဲ ရပ်ကွက် ၇ ခုကို ကျူးကျော်သတ်မှတ်ပြီး နေအိမ်၊ တိုက်တာ၊ ဈေးဆိုင်တွေကို စစ်ကောင်စီက ဘူဒိုဇာနဲ့ ဖယ်ရှားပစ်တာလို့ ဆိုပါတယ်။
မြို့ခံ အငြိမ်းစားကျောင်းဆရာတဦးက “မြစ်ငယ်က အလုပ်သမားမြို့လေးပါ။ မီးရထား စက်ခေါင်းပြုပြင်စက်ရုံ ရှိတယ်။ စက်ရုံ အလုပ်သမားတွေ၊ မီးရထားဝန်ထမ်း အများဆုံးနေကြတာ။ ခုတော့ မြို့တဝက်လောက်က အိုးအိမ်တိုက်တာ အဖျက်ခံလိုက်ရတယ်။ ဘဝတွေပျက်ကုန်ပြီပေါ့” လို့ ပြောပါတယ်။
အိမ်ဖျက်ခံရသူတဦးက “ကျနော့်အဘိုးအဘွားတွေ လက်ထက် နှစ် ၆၀ လောက်တည်းက နေလာပေမယ့် ကိုယ်မပိုင်ဘူး။ စစ်ကောင်စီရဲ့ လမ်းမြေဧရိယာ ဆိုလိုဆို၊ ခွင့်ပြုချက်မရှိဘဲ နေထိုင်တာ ပြောလိုပြော၊ စီမံကိန်းဧရိယာထဲ ပါဝင်တယ် ဆိုသလိုလိုနဲ့ ခုတော့ ကျူးကျော်သတ်မှတ်ပြီး ဖယ်ခိုင်းခံနေရတယ်” လို့ ပြောပါတယ်။
တိုက်ဖျက်ပေးဖို့ ကြုံလာတဲ့သူတဦးက “ကျနော့်အိမ်က အာစီ ၂ ထပ်ခွဲတိုက်ပါ။ ဆောက်ထားတာ မကြာသေးဘူး။ ဖြုတ်ရတဲ့ သံပန်း၊ စတီးလက်ရန်းနဲ့ တံခါးရွက်ကစ ဖြုတ်သယ်ရတယ်။ အုတ်ခဲလိုချင်ရင် ကျနော့်တိုက်ကို လာဖျက်ယူလို့ရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လုံခြုံရေးအင်အား ၄၀၀ ကျော်လောက်နဲ့ လုံခြုံရေးယူပြီး ကျူးကျော်တွေကို ရှင်းလင်းနေတာ ရက်သီတင်းပတ်နဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။