စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ မတ်လ ၁၁ ရက် ဒီကနေ့ မနက်ပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃၂ ယောက် သေဆုံးခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ် တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မတ် ၈ ရက်က လက်ပံတောရွာက ပြည်သူ ၁၂ ယောက်ကို သတ်ဖြတ်မီးရှို့ခဲ့ပြီး အိုးဘိုရွာမှာ ၁၀ ရက်နေ့အထိ တပ်စွဲခဲ့ကာ ဒီကနေ့မနက် မျောက်နုံးရွာဘက်ကို ဆင်းလာချိန်မှာ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၊ ဗိုလ်သူရိန် တပ်ရင်းက ပဒေသာမိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
လတ်တလောမှာတော့ အကြမ်းဖက်စစ်အုပ်စုက ယင်းမာပင်မြို့နယ်၊ မျောက်နုံးရွာက အပြစ်မဲ့ပြည်သူ ၈ ယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်မှုတွေကို ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ တလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။