အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးမြအေးကို စစ်ကောင်စီထောင်တွင်းတရားရုံးက မတ်လ ၁၀ ရက် ဒီကနေ့မှာ ပုဒ် ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ပါတယ်။
ဦးမြအေးရဲ့ သမီးဖြစ်သူက “ဒီနေ့က အဖေ့ရဲ့ ၅၆ နှစ်မြောက်မွေးနေ့ဖြစ်သလို၊ မတရားဖမ်းဆီးချုပ်နှောင်ခံနေတာ ၁နှစ်နဲ့ ၁၀ ရက်ကြာခဲ့တဲ့နေ့လဲဖြစ်တယ်။ စစ်ခုံရုံးနဲ့အသွင်မကွာလှတဲ့ အင်းစိန်ထောင်ထဲကတရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးတော့ ဒီနေ့အမိန့်ချလိုက်တာပါ။”လို့သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းစသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးကို စစ်ကောင်စီက မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးထုတ်မှာ ပုဒ်မ ၅၀၅(ဂ) နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
ပုဒ်မ ၅၀၅(ဂ)ဆိုတာကတော့ လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ လူအမျိုးစုအချင်းချင်းဖြစ်စေ၊ တဘက်နှင့် တဘက်ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်ရန်အကြံရှိလျှင်၊ သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူ့ကို ၂ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။
ဦးမြအေးဟာ လက်ရှိမှာ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု (FDF) ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ၁၉၈၉ ခုနှစ်မှာ စစ်အုပ်စုက ပထမအကြိမ်ဖမ်းဆီး ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဒုတိယအကြိမ် နှစ်ရှည်ထောင်ဒဏ် ၆၅ နှစ်ခွဲချမှတ်ခဲ့ကာ အခုနွေဦးတော်လှန်ရေးမှာတော့ တတိယအကြိမ် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။