ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ လေးကေ့ကော်ဒေသနဲ့ ဒေါနအရှေ့ခြမ်း ကော့ကရိတ်ခရိုင်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၉ ရက် ဒီကနေ့နောက်ဆုံးထား ဆုတ်ခွာဖို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံ ကေအန်ယူဘက်က အသိပေးအကြောင်းကြားစာ ပေးပို့ထားပါတယ်။
စစ်တိုင်းမှူးထံ စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်း မဆုတ်ခွာပါက ဖြစ်လာမယ့် အကျိုးဆက် ပြဿနာတွေကို ကေအန်ယူ တပ်မဟာ ၆ ရဲ့ တာဝန်မဟုတ်ကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တာဝန်သာဖြစ်ကြောင်း တပ်မဟာ ၆ ခရိုင်အတွင်းရေးမှူး စောလစ္စတန်က မတ် ၇ ရက် နေ့စွဲနဲ့ အသိပေးစာ ပေးပို့ခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားရာ ဒေသတွင်းက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုရဲ့ အိုးအိမ်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာ၊ ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူလူထုတွေဟာ ကျေးရွာတွေမှာ ပြန်လည်နေထိုင်ဖို့ ကြောက်ရွံ့နေတယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ကူညီဖြေရှင်းဖို့ ကအေန်ယူမှာ တာဝန်ရှိပြီး ပြည်သူတွေ အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ဖို့ လေးကေ့ကော်ဒေသနဲ့ ကော့ကရိတ်တောင်ပိုင်း ဒေသတွင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာဖို့ အသိပေးခဲ့တာပါ။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်က စတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေက ဒေါနတောင်အရှေ့ခြမ်းက လေးကေ့ကော်ဒေသနဲ့ ဒေါနတောင်အနောက်ခြမ်းက ကော့ကရိတ်တောင်ပိုင်း ကျေးရွာတွေကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေကြောင့် ဒေသခံ ပြည်သူလူထုတွေ ကျေးရွာတွေကို စွန့်ခွာထွက်ပြေးနေရတယ်လို့ ခရိုင်အတွင်းရေးမှူးက အသိပေး အကြောင်းကြားခဲ့တာပါ။