အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲခိုး၊ မဲလိမ်ပါတယ်ဆိုပြီး လက်မှတ်ထိုးမပေးတဲ့အတွက် ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ်တယောက်ကို စစ်ကောင်စီက ထောင် ၃ နှစ် ချလိုက်ပါတယ်။
ပဲခူးတိုင်း သာယာဝတီထောင်မှာ ဖမ်းဆီးထားတဲ့ သာယာဝတီမြို့နယ် တိုင်းဒေသကြီး ၂ ကိုယ်စားလှယ် ဦးကျော်ကိုကိုစိန်ကို မတ် ၈ ရက်နေ့က ထောင် ၃ နှစ် ချလိုက်တယ်လို့ သာယာဝတီထောင်ကနေ သိရပါတယ်။
သူ့ကို အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်မှာပဲ လာဖမ်းသွားပြီးနောက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲလိုက်တာပါ။
အမည်မဖော်လိုတဲ့ ထောင်ဝန်ထမ်းတယောက်က “သူ့ကို NLD နဲ့ မပတ်သက်ဖို့နဲ့ NLD က မဲလိမ်၊ မဲခိုးတို့ လုပ်ခဲ့ပါသည် ဆိုတာတွေကို လက်မှတ်ထိုးပေးဖို့အတွက် လွန်ခဲ့တဲ့ ၁ လခွဲလောက်က ထောင်တွင်းမှာ စစ်ကောင်စီက လာညှိနှိုင်းပါတယ်။ တကယ်လို့ လက်မှတ်ထိုးပေးရင် လွှတ်ပေးမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဦးကျော်ကိုကိုစိန်က ငြင်းလိုက်တဲ့အတွက် အခု သူ့ကို သာယာဝတီ ထောင်တွင်း အထူးတရားရုံးကနေ ထောင် ၃ နှစ် ချလိုက်တာ” လို့ ပြောပါတယ်။
သူ့နဲ့အတူ သာယာဝတီမြို့နယ်ထဲက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်မြင့်ကိုလည်း ဖမ်းဆီးထားပြီး ဒီနေ့အထိ အမိန့်မချသေးပါဘူး။
လာမယ့် မတ်လ ၁၀ ရက်နေ့မှာတော့ သူတို့နဲ့အတူ သာယာဝတီထောင်ထဲမှာ ဖမ်းဆီးထားတဲ့ သွားဆရာဝန် ဒေါက်တာမျိုးဝင်းညွန့်ကိုလည်း အမိန့်ချမယ်လို့ သာယာဝတီထောင်ကနေ သိရပါတယ်။