ထိုင်းနိုင်ငံကို အထောက်ထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြာင်းအလုပ်သမား ၃၉ ဦးကို ထိုင်းတာဝန်ရှိသူတွေက မတ် ၇ ရက်နေ့မွန်းလွဲပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ AEC ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
အဆိုပါ မြန်မာရွှေ့ပြာင်းအလုပ်သမားတွေဟာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က လာသူတွေဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်ရှားပါးတာကြောင့် ထိုင်းနိုင်ငံမြို့ကြီးတွေ အလုပ်ရရှိရေးအတွက် တရားမဝင် လာရောက်ကြတာလို့ ဆိုပါတယ်။
ဖမ်းဆီးမိသူတွေဟာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်လာကြတာဖြစ်ပြီး ထိုင်းနိုင်ငံ တာခ်ရိုင် တာဆောင်ယမ်းမြို့ မဲ့လကျေးနယ် ရပ်ကွက် ၇ တောတွင်းတနေရာမှာ ထိုင်းခြေမြန်တပ်အမှတ် ၃၅၊ ထိုင်းနယ်ခြားရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့က ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံလိုက်ရတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၉ ဦးမှာ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၁၅ ဦး ဖြစ်ပြီး တာဆောင်ယမ်းမြို့ကျန်းမာရေးဌာနက ကိုဗစ်ဗိုင်းရပ်စ်စစ်ဆေးခဲ့ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ဥပဒေအတိုင်းအရေးယူဖို့ တာဆောင်ယမ်းမြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။