မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မတ် ၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ PDF တွေအကြား ၃ နေရာလောက်မှာ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့ မနက်က ရေး-ထားဝယ် လမ်းမကြီးမှာ ကျောင်းပို့ပြန်လာတဲ့ စစ်ကောင်စီတပ်ကားကို ၀ယ်ရက်နဲ့ ကလော့လေးကြားနေရာမှာ ကြားဖြတ် တိုက်ခိုက်ခံရကာ စစ်သား ၄ ဦးသေဆုံးခဲ့တယ်။ အပြန်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေနဲ့ ကျုံလောင်းရွာဟောင်းမှာ မနက် ၁၁ နာရီခွဲက PDF တွေကအဝိုင်းခံရပေမဲ့ ထိခိုက်ဒဏ်ရာ မရဘဲ ကျန်အပိုပစ္စည်းတွေနဲ့ ယူနီဖောင်းတွေလောက်ပဲ ပါသွားတယ်”လို့ PDF က တာဝန်ရှိသူက ပြောပါတယ်။
PDF ရဲ့ နောက်ကို စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေရာမှာ ညနေ ၅ နာရီလောက်က ကျောင်းရွာကျေးရွာနယ်မြေဘက်မှာ မိနစ် အနည်းငယ်ကြာ ထပ်မံ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
စစ်တပ်က လက်နက်ကြီး ၁ ချက် ပစ်ခတ်ခဲ့လို့ ဥယျာဉ်ခြံ တနေရာမှာ ထိမှန်ခဲ့ပေမဲ့ လူထိခိုက်မှုတွေ မရှိခဲ့ပါဘူး။
ဒေသခံတွေကတော့ အခုလို သေနတ်ပစ်ခတ်သံတွေကြားရတော့ စိုးရိမ်ထိတ်လန့်ကြပြီး ဥယျာဉ် ခြံလုပ်ငန်းတွေလည်း မလုပ်ရဲကြသလို ထပ်မံတိုက်ပွဲတွေ ပြင်းထန် လာမှာကိုလည်း စိုးရိနေကြတယ်လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုမှာ နှစ်ဖက်ထိခိုက်မှု အခြေအနေကို အတိအကျ မသိရသေးသလို ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။