Home
မြန်မာသတင်း
ဖာပွန်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ကလေးနှင့်ကိုယ်ဝန်ဆောင် အပါအဝင် ၇ ဦးသေဆုံး
DVB
·
March 7, 2022
518358-signal-2022-02-21-185029_002-820x812-1-730x365
275115436_3174948896115363_399055525795010982_n

ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဗျူဟာ အခြေချစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်တဦး အပါအဝင် ရွာသား ၇ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ဗျူဟာ အခြေချစခန်းကနေပြီး မတ် ၅ ရက်နေ့ ည ၇ နာရီလောက်က ကျေးရွာတွေဘက်ကို  ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလော်ကျေးရွာအုပ်စု၊ ကလော်ဒေးကျေးရွာက ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်အပါဝင် ၇ ဦး သေဆုံးခဲ့ရတာလို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန်ပါတယ်။

နော်တလု (၂) နှစ်၊ နော်ထူးဖော (၅) နှစ်၊ နော်တင်နီလာဝင်း (၁၄) နှစ်၊  စောဒေးဖို (၁၉) နှစ်၊ စောကေ (၄၀) ၊ နော်ဖောဝါး (၃၂) နှစ်၊ နော်အယ်မူး (၂၂) နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် စောကျော်ဘီ အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

KPSN ပြောခွင့်ရ နော်ဝါးခူရှီးက  “စစ်တပ်က လက်နက်ကြီးတွေနဲ့ ည ၇ နာရီကျော်လောက်ကနေ ပစ်ခတ်လာတာ။ ည ၇ နာရီကျော်ဆိုတာ ရွာသားတွေကတော့ အဲအချိန်အစောကြီး ပြန်အိပ်ကြတယ်လေ။ သူတို့က လက်နက်ကြီးနဲ့ပစ်တော့ ၇ ယောက်သေပြီး၊ ၄ ယောက် ဒဏ်ရာရရှိသွားတာ။ ပြန်ကြည့်ရင် သေဆုံးသူတွေက အမျိုးသမီးနဲ့ ကလေးငယ်တွေ များတယ်ပေါ့နော်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နေ့စဉ်လိုလို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရှိတဲ့ နေရာတွေကိုမဟုတ်ဘဲ အရပ်သားတွေရှိတဲ့ ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ နော်ဝါးခူးရှီးက ပြောပါတယ်။

“အခုက နေတိုင်းလိုလို လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်နေတယ်။ ၅ ရက်နေ့တုန်းကလည်း မာထောကျေးရွာအုပ်စုထဲမှာဆိုရင်လည်း ပစ်ခတ်မှုကြောင့်လည်း ကလေးငယ်တယောက် ထိခိုက်သေဆုံးခဲ့ရတယ်။ နေ့တိုင်းလိုလိုပဲ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ သူတို့ လက်နက်ကြီးတွေက KNLA တပ်ဘက်ကို မထိဘဲ အရပ်သားကိုပဲ ထိခိုက်တယ်။ သူတို့က ရွာထဲထည့်ထည့်ကို ပစ်တာ။”

စစ်ကောင်စီအနေနဲ့ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်းခြင်းဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ အရေးယူမှုတွေ၊ စီးပွားရေးအရ ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားဖို့လည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က တောင်းဆိုပါတယ်။

“ကျမတို့ KPSN အနေနဲ့ အရင်ကတည်းကပဲ စစ်ကောင်စီနဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ ဘာဖြစ်လို့လဲဆိုတော့ ရရှိလာတဲ့ဝင်ငွေတွေကို သူတို့က ပြည်သူတွေ ပစ်မှတ်ထား တိုက်ခိုက်တဲ့ လက်နက်တွေ ဝယ်ယူအသုံးပြုတာ။ နောက်တခုက လူထုတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လက်နက်ခဲယမ်းတွေကို နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို မရောင်းချဖို့ တောင်းဆိုထားတယ်။ ဘာလို့လဲဆိုတော့ အဲဒီလက်နက်ခဲယမ်းတွေကို သူတို့ အပြစ်မရှိတဲ့ လူထုကို တိုက်လိုက်တယ်လေ။ နောက်တခုက လေယာဉ်ဆီတွေကို နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို မဝယ်မရောင်းပေးဖို့နဲ့ နောက်ဆုံးအနေနဲ့ နိုင်ငံတကာအနေနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီတွေကို ထပ်တိုးလုပ်ဆောင်းပေးဖို့ တောင်းဆိုပါတယ်” လို့ KPSN ပြောခွင့်ရ နော်ဝါးခူရှီးက ပြောပါတယ်။

မူတြော် (ဖာပွန်) ခရိုင်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၈ သောင်းလောက် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။ 

ဒါ့အပြင်  တိုက်ပွဲနဲ့ လက်နက်ကြီးကြောင့် မူတြော်(ဖာပွန်)ခရိုင်က ပြည်သူတွေဟာ လှူပ်ရှားသွားလာ၊ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတော့တာကြောင့် အကူအညီများစွာ လိုအပ်နေတယ်လို့ KPSN က ထုတ်ပြန်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024