သတင်းအမှောင်ချ မှိုင်းတိုက်ခံထားရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရှေ့တန်းထွက်ရတဲ့ ပုံရိပ်တွေကို အင်တာနက်စာမျက်နှာတွေပေါ်မှာ စိတ်ညစ်ညူးဖွယ် တွေ့ကြရတာက ဝါးခြင်းကြားတွေ ကျောမှာပိုး၊ အာကာထွန်းဘောင်းဘီအတိုတွေ ဝတ်ပြီး စုတ်တီးစုတ်ဖပ် ချီတက် စစ်ထွက်နေကြပုံတွေပါပဲ။
နိုင်ငံဘဏ္ဍာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အခွင့်ထူးခံရယူပြီး ယုတ်ညံ့စွာ ချမ်းသာကြွယ်ဝလာတဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတည်တံ့ခိုင်မြဲဖို့နဲ့ သူတို့ရဲ့ မသန့်ရှင်းတဲ့အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ဘာမသိညာမသိ လူမိုက် လူ့အန္ဓတွေပမာ ကျားစွယ်သွေးတိုက်ပြီး ပြည်သူလူထုကို တိုက်ခိုက်ဖို့ ရှူးတိုက်ခံလိုက်ရမှန်းမသိဘဲ နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်နေရသယောင် ထင်မှတ်မှားပြီး အခုလို ခြင်းကြားပိုး၊ အာကာထွန်းဘောင်ဘီတို ဝတ်ပြီး လူစဉ်မမီတဲ့ စစ်သားဘဝတွေနဲ့ မကြာခင်မှာ စစ်အာဏာရှင်အတွက် အချည်းအနှီး အသက်စွန့်ကြပြီး အခုခေတ် အသုံးနဲ့ပြောရရင် မွှင်းခါးဖြစ်ကြရတော့မယ်ဆိုတာ အမှန်အတိုင်း သိခဲ့ကြမယ်ဆိုရင် CDM စစ်သားတွေအဖြစ် ပြည်သူဘက်ကိုကူးပြောင်းလာကြမှာ သေချာလှပါတယ်။
တကယ်တော့ အကြမ်းဖက်အာဏာလု စစ်ခေါင်းဆောင်ဗိုလ်ချုပ်တွေဟာ နှစ်ပေါင်း ၆၀ ကျော်အောင် သူတို့ဖန်တီးမွေးမြူထားတဲ့ ပြည်တွင်းစစ်ကို အကြောင်းပြပြီး စစ်အသုံးစရိတ်၊ ကာကွယ်ရေးဘတ်ဂျက်တွေကို တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကြေးတွေထဲကနေ အလွန်များပြားတဲ့ ပမာဏကို စိတ်တိုင်းကြ ထုတ်နုတ်သုံးစွဲခဲ့ရုံမက အဲဒီစစ်အသုံးစရိတ်အများစုကို အသေကောင် ပုပ်ပေါ်၊ လဒတွေ ဝိုင်းအုံစားသောက်ကြသလို အဆင့်လိုက် ရာထူးအလိုက် သားစဉ်မြေးဆက် ကဲ့ယူခိုးဝှက် ချမ်းသာသွားခဲ့ကြပါတယ်။
World Bank၊ Trading Economics အစရှိတဲ့ နိုင်ငံတကာ စီးပွားရေးသုတေသန အဖွဲ့အစည်း များစွာက စုဆောင်းထားတဲ့ စာရင်းအင်း အချက်အလက်တွေအရ ၂၀၁၉ ခုနှစ် မြန်မာစစ်တပ်ရဲ့ စစ်စရိတ်ဟာ အမေရိကန်ဒေါ်လာ ၂၂၂၅ သန်း (၂ ဒသမ ၂ ဘီလီယံ) ရှိရာကနေ ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၃၁၄၁ သန်း (၃ ဒသမ ၁၄၁ ဘီလီယံ)အထိ တိုးသုံးခဲ့ကြတယ်။ NLD အရပ်သားအစိုးရမတက်ခင်နှစ်မှာ ၂၀၁၅ ခုနှစ်တုန်းကဆို စံချိန်တင်အောင် စစ်စရိတ်ကို အမေရိကန်ဒေါ်လာ ၃၈၁၇ သန်း (၃ ဒသမ ၈ ဘီလီယံ) ကို ပြည်သူ့အစိုးရကို အာဏာမလွှဲခင်မှာ ပရမ်းပတာ စစ်စရိတ် သုံးခဲ့ကြ၊ ခိုးယူခဲ့ကြတယ်။
တကယ်တမ်းသာ အဲ့သလောက်များတဲ့ ငွေကြေးတွေကို ပြည်သူတင်တဲ့အစိုးရကသာ မခိုးမဝှက်ဘဲ ထိထိရောက်ရောက် သုံးစွဲမယ်ဆိုရင် မြန်မာစစ်သားတွေကို အမေရိကန် မရိန်းတပ်သားတွေလို အရောင်တလက်လက်ထအောင်၊ ကျော့နေအောင် ဆင်လို့ရပါတယ်။ အခုလို ကျက်သရေမဲ့လှတဲ့ ခြင်းကျားအစုတ်အပြတ်မှာ ညှပ်ဖိနပ်ချည်ပြီး စစ်သူတောင်းစားလို့ မွဲခြောက် တွန့်ကောက်နေစရာ မလိုပါဘူး။
ဒီကနေ့ အရှိန်အဟုန်ပြင်းစွာနဲ့ လူငယ်လူရွယ်တွေ မြန်မာပြည်သူတွေ စုပေါင်းထိုးနှက် လှုပ်ခတ်လိုက်တဲ့ နွေဦးတော်လှန်ရေးခေါင်းလောင်းကြီးကနေ ထင်ထင်ရှားရှား သတိပေးနေတဲ့ အချက်ပြမှုကတော့ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်လို့ ဆိုတတ်သူတွေရဲ့ ခေတ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ကုန်ဆုံးသွားခဲ့ပြီဆိုတာပါပဲ။
နိုင်ငံတော်ရဲ့အာဏာကို လက်နက်နဲ့ လုယူခဲ့တာ တနှစ်ကျော်ထက်တိုင် လက်နက်မပါ၊ ခြိမ်းခြောက်မှု မလုပ်ဘဲ သိက္ခာရှိရှိ မအုပ်ချုပ်နိုင်သေးဘဲ ပြည်သူတွေကို ကြမ်းကြုတ်စွာသတ်ဖြတ်၊ မြို့ရွာတွေကို မီးတိုက်၊ လူနေအိမ်ခြေတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲဘယ်လိုပဲ ရက်စက်စွာ စစ်ရာဇဝတ်မှုတွေ ပြုကျင့်နေပါစေ၊ အသိဉာဏ်ပညာနဲ့ မဟုတ်မခံစိတ်ဓာတ်ရှိကြတဲ့ အများပြည်သူကို ဘယ်လိုမှ သူခိုး၊ ဓားပြတွေ အုပ်ချုပ်လို့ မရနိုင်တော့ပါဘူး။
အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှန်နဲ့အမှား မခွဲခြားနိုင်ဘဲ၊ ဆင်ခြင်တုံတရား မဦးစီးတဲ့ အမိန့်နာခံမှု၊ ဘယာဂတိ အကြောက်တရားနဲ့ လိုက်နာရတဲ့ အမိန့်နာခံမှုနဲ့ စစ်တိုက်တယ်ဆိုတာ ဆင်ကန်းတောတိုးသလို မမြင်မစမ်းမို့ ချောက်ထဲထိုးကျပြီး အဆုံးသတ်ရဖို့သာ ရှိပါတယ်။
ကာလံ ဒေသံ အဂ္ဃံ ဆိုတဲ့ အခြေအနေ နေရာဒေသ အချိန်အခါကို သင့်တင့်လျောက်ပတ်စွာ ပြည့်ပြည့်စုံစုံထည့်သွင်းမစဉ်းစားဘဲ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အမိန့်နဲ့ ဇွတ်တရွတ် ရေခပ်ခိုင်းရင်တော့ ရေတော့ရမှာပါ။ ဒါပေမဲ့ ရေသန့်ရေကောင်း မဟုတ်တဲ့ မစင်ရောတဲ့ မသန့်စင်တဲ့ရေမျိုးပဲရမှာ ဖြစ်ပါတယ်။
အခုဆိုရင် တနိုင်ငံလုံးနဲ့ တဖွဲ့ဆိုသလို ပြည်သူအများစုရဲ့ ဘုံရန်သူဖြစ်သွားတဲ့ ဖက်ဆစ်စစ်တပ်ဟာ နိုင်ငံသားတွေအပေါ် အောက်ပါနည်းလမ်းတွေနဲ့ ယုတ်မာပက်စက်စွာ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေနဲ့ ကမ္ဘာမှာ အရက်စက် ကြမ်းကြုတ်ဆုံး စစ်အာဏာရှင် ဓားပြတပ် အဆင့်ကို တက်လှမ်းသွားပါပြီ။
၁) ပြည်တွင်းစစ်မှာ လေကြောင်းပစ်ကူ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များနဲ့ ပြည်သူလူထု မြို့ရွာတွေ၊ စစ်ပြေးရှောင်စခန်းတွေအပေါ်ဗုံးကြဲတိုက်ခိုက်ပြီး ထိုးဖောက်စီးနင်းတိုက်ခိုက်ခြင်း၊
၂) ထိုးဖောက်တိုက်ခိုက်သွားရာ လမ်းတလျှောက် အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်းဓားစာခံ ပြုလုပ် ချီတက် အသေခံခိုင်းခြင်း၊
၃) အရပ်ဘက်ကားတွေ၊ လူမှုကူညီရေးအသင်းကားတွေ သာသနာရေးယာဉ်ကားတွေကို အသုံးပြုပြီး အရပ်ဝတ် ဝတ်ဆင်ကာ အတုအယောင်ပြုလုပ် အင်အားဖြန့်ခြင်း၊
၄) ထိုးဖောက်တိုက်ခိုက်ရာလမ်းတလျှောက် လမ်းသင့်ရာ ကျေးရွာများမှ ပြည်သူလူထု အိုးအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ဘုရားကျောင်းကန်များ၊ ကျွဲ နွား အိမ်မွေးတိရစ္ဆာန်များကို မီးရှို့ဖျက်ဆီး သတ်ဖြတ်သိမ်းယူခြင်း၊
၅) အပြစ်မဲ့ပြည်သူများ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ ကလေးငယ်များပါမချန် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊
၆) ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အားမကောင်းလာစေဖို့ ရိက္ခာဆေးဝါးဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်၊ တပ်သားသစ် စုဆောင်းလို့မရအောင် လူထုနဲ့ အဆက်အသွယ်ဖြတ်ပြီး အများပြည်သူလူထု ဆင်းရဲဒုက္ခရောက်အောင် ဖြတ် ၄ ဖြတ်ဗျူဟာနဲ့ စစ်ဆင်ရေး ဆင်နွှဲနေခြင်း၊
၇) မဘသအစွန်းရောက်သံဃာတွေ၊ ပျူဒလံရာဇဝတ်ကောင်တွေကို အသုံးပြုပြီး အယောင်ဆောင်ခြင်း၊ ညီညွတ်ရေးဖြိုခွဲခြင်း၊ တိုက်ခိုက်ဟန်ပြု မျှားခေါ် ပြီး အင်အားခွဲကြံစည်ခြင်း၊
၈) မတရားမှုကို ဆန့်ကျင်ကြတဲ့ ပြည်သူပြည်သားတွေရဲ့ အိမ်ရာအဆောက်အဦ ပိုင်ဆိုင်မှုတွေကို သိမ်းယူ ချိပ်ပိတ်ခြင်း၊
၉) အကြမ်းဖက်စစ်သားတွေကို စစ်ထိုးရာလမ်းတလျှောက် ပြည်သူလူထုအပေါ် စိတ်တိုင်းကြ ရက်စက်ကြမ်းကြုတ်ခွင့် လူသတ်လိုင်စင်၊ မုဒိမ်းကျင့်ခွင့်လိုင်စင်၊ ဓားပြတိုက်ခွင့် လိုင်စင်တွေ ပေးပြီး မိုက်ရိုင်းခွင့်ပြုခဲ့ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အခုချိန်အခါဟာ အာဏာလုအကြမ်းဖက်စစ်တပ်ဟာ စိတ်ဓာတ် သိမ်ဖျင်း၊ ကိုယ်ကျင့်သီလ ယုတ်ညံ့တဲ့ အာဏာရှင်စစ်ဗိုလ်ချုပ်တွေရဲ့ ခြယ်လှယ်အုပ်စီးခံခဲ့ရပြီး အခုဆို ပြည်သူလူထုကို ယုတ်မာပက်စက်ဆုံး အောက်လမ်း နည်းဗျူဟာတွေ အသုံးပြုပြီး သူတို့ရှင်သန်ရေးအတွက် မသိနားမလည်သူ၊ မိုက်မဲဖျင်းအတဲ့ စစ်သားတွေကို အသုံးချစတေးလို့ စစ်ရာဇဝတ်မှုတွေ အမြင့်ဆုံးကျူးလွန်နေချိန် ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ ဘယ်လိုပဲ ရက်စက်ပါစေ၊ ဘယ်လောက်ပဲ လူမဆန်အောင် ပြုကျင့်ပါစေ၊ ပြည်သူလူထုဟာ လုံးဝမကြောက်တော့တဲ့အပြင်၊ အာဏာရှင်စစ်ဗိုလ်ယုတ်ကြီးတွေနဲ့ ဖက်ဆစ်စစ်တပ်တခုလုံးကို ချေမှုန်းဖျက်သိမ်းဖို့ ခိုင်မာတဲ့ သန္နိဋ္ဌာန်တွေချပြီး ဆန့်ကျင်တော်လှန်နေတာ အောင်ပွဲတွေ တဆင့်ပြီးတဆင့် ရလာလို့ ပန်းတိုင်နား နီးကပ်လာပြီ ဖြစ်ပါတယ်။
ဒါကြောင့် စုတ်တီးစုတ်ဖပ် ဝါခြင်းကြားကျောမှာပိုး၊ အာကာထွန်းဘောင်းဘီတိုကိုသာ ဝတ်ရတဲ့ လူစဉ်မမီတဲ့ စစ်သားဘဝနဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်တွေအတွက် အချည်းအနှီး အကျိုးမဲ့ အသက်ဆုံးပါးပြီး မုန်ဟင်းခါး ပွဲမဖြစ်ချင်ရင်တော့ CDM စစ်သားဘဝကို အမြန်ဆုံးကူးပြောင်းလို့ ပြည်သူ့ရင်ကို ခိုလှုံဖို့ အရေးတကြီး လိုအပ်နေပါကြောင်း အသိပေး နှိုးဆော် ရေးသားလိုက်ရပါတယ်။
မင်းကောင်းချစ်