စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်၊ ဝယာကျေးရွာကို ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ပျူစောထီးအဖွဲ့တွေကို အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ပျူစောထီးအဖွဲ့က ၅ ဦး နေရာမှာတင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ပျူစောထီးအဖွဲ့တွေက မတ်လ ၃ ရက်က ဝယာကျေးရွာကို ရောက်လာခဲ့ပြီး သေနတ်ပစ်ဖောက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံတွေရဲ့ ပစ္စည်းတွေကိုလည်း ဝင်ရောက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုဖျက်ဆီးပြီး ကံကြီးကုန်းကျေးရွာကို ပြန်လာတဲ့ ပျူစောထီးအဖွဲ့တွေကို လမ်းပိုင်းတစ်နေရာမှာ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRA နဲ့ မဟာမိတ်အဖွဲ့တွေက ပဒေသာမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ အနီးမှာ နေထိုင်ခြင်းမပြုကြဖို့နဲ့ စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ အနီးကပ် ယာဉ်မောင်းနှင်တာတွေမပြုဖို့ကို မေတ္တာရပ်ခံထားပါတယ်။