မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မတ်လ ၃ ရက် ညနေပိုင်းက မြို့နယ်လျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ပခုက္ကူPDF တပ်ဖွဲ့ကနေ သိရပါတယ်။
ပခုက္ကူမြို့နယ်လျှပ်စစ်ရုံးကို ဒီကနေ့ ညနေ ၆နာရီခွဲလောက်မှာ ပခုက္ကူPDF က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ PPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လျှပ်စစ်ရုံးက Non CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုဆီကနေ လျှပ်စစ်မီတာခတွေ အတင်းအကျပ်ကောက်ခံနေသလို မီတာမဆောင်တဲ့နေအိမ်တွေကိုလည်း လျှပ်စစ်မီးဖြတ်တောက်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် ဗုံးခွဲ သတိပေးခဲ့တာလို့ဆိုပါတယ်။
ဒါအပြင် စစ်အာဏာရှင်ကျဆုံးရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကဗျာဆရာ ကေဇဝင်းကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တာ ဒီကနေ့ မတ်လ ၃ ရက်မှာ တစ်နှစ်ပြည့်တဲ့နေ့ဖြစ်လို့ ကဗျာဆရာ ကေဇဝင်းကို အောက်မေ့သတိရတဲ့အနေနဲ့ "ကေဇဝင်းစစ်ဆင်ရေး"ပထမအဆင့် ဒုတိယအကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။
PPDF အနေနဲ့ စစ်ကောင်စီအပါအဝင် သူတို့ရဲ့ အဓိကဒေါက်တိုင်တွေကို အရှိန်ဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်သလို မိဘပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေကို မသွားလာကြဖို့ သတိပေးထားပါတယ်။