စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မတ်လ ၃ ရက် မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီတပ် ယာဉ်တန်း မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်းဟာ ခင်ဦးရဲစခန်းကနေ ကား ၄ စီးနဲ့ ထွက်ခွာသွားစဉ် အခုလို မိုင်းဆွဲခံရတာဖြစ်တယ်လို့ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
"သူတို့ ပျဉ်ထောင်ရွာကို မနက်ခင်း ၈ နာရီခွဲလောက်က ထောက်ပို့သွားတဲ့ (---) တွေဗျ။ အသွားတုန်းက သာသာယာယာလေး လွှတ်ပေးလိုက်တယ်။ ခင်ဦးဘက်ပြန်လာမှ ကျောက်မန်းကန်တံတားအနီးမှာ မိုင်းခွဲခဲ့တယ်။ မိုင်းက ၄ လုံးခွဲတာ၊ စစ်ကား ၃ စီး ထိထိမိမိကို ခွဲနိုင်လိုက်တယ်။”
မိုင်းခွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်တွေ အကျအဆုံးများပြီး အခင်းဖြစ်ပွားတဲ့နေရာမှာ သွေးစက်တွေ အများကြီး တွေ့ခဲ့ရပေမဲ့ ထိခိုက်သေဆုံးဒဏ်ရာရသူ အရေအတွက်ကိုတော့ မသိရဘူးလို့ဆိုပါတယ်။
မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်တွေက ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ PDF တွေ အထိအခိုက်မရှိဘူးလို့ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်တွေကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူး ပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။